Main menu

Background

အိန္ဒိယဆန်များအား တရုတ်နိုင်ငံက ပြန်လည်စတင်ဝယ်ယူခြင်း

Fri, 12/04/2020 - 15:20 -- journal_editor

တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ဆန်များဝယ်ယူမှုကို နှစ်နှစ်ကျော်ကြာရပ်ဆိုင်းခဲ့ရာမှ ယခုအခါ ဘာစမာတီမဟုတ်သောဆန်များအား မှာယူခြင်းဖြင့် ပြန်လည်စတင်ခဲ့ကြောင်း အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင် များအသင်း (AIREA) က ထုတ်ဖော်ပြောကြား ပါသည်။

အိန္ဒိယနိုင်ငံမှ ဆန်များပြည်တွင်းဈေးကွက်သို့ ဝင်ရောက်မှုကို တရုတ်အစိုးရက ၂၀၀၆ ခုနှစ်၌ စတင်တံခါးဖွင့်ပေးခဲ့သော်လည်း အိန္ဒိယဘက်မှ ဘာစမာတီမဟုတ်သောဆန် ၉၇၄ တန် ကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင်သာ ဝယ်ယူတင် သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တရုတ်ကုန်သည် အချို့ထံမှ ဆန်ဝယ်ယူလိုကြောင်း စုံစမ်းမေးမြန်းမှုများကို လက်ခံရရှိလာခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အောက်တိုဘာလအထိ ဘာစမာတီဆန် တန်ချိန် ၁၅၀ ခန့်ကိုသာ တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာမှ လွန်ခဲ့သောနှစ်လအတွင်း အမှာစာများထပ်မံရရှိပြီး အိန္ဒိယတောင်ပိုင်းဒေသမှ ထွက်ရှိသည့် ဘာစမာတီမဟုတ်သောဆန် (ဆန်ကွဲ) တန်ချိန် ၅၀၀၀ အားတင်ပို့ခြင်းဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါကာလ၌ ဆန်အဓိကတင်ပို့သည့် ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့တွင် ထုတ်လုပ်မှုကျဆင်းခြင်းက ယခုကဲ့သို့ ဈေးကွက်အလှည့်အပြောင်း ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ လက်ရှိအိန္ဒိယဆန်ဈေးကွက်၏ အခြေအနေမှာ အခြားသော ဆန်တင်ပို့သည့် နိုင်ငံများနှင့်ယှဉ်လျှင် ဈေးနှုန်းအရယှဉ်ပြိုင်နိုင်စွမ်း ကောင်းမွန်လျက်ရှိကြောင်းစသည်ဖြင့် AIREA အသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. Vinod Kaul က ပြောကြားခဲ့ခြင်း ဖြစ်သည်။

Economic Times သတင်းဌာန၏ ရေးသားဖော်ပြချက်အရ အိန္ဒိယရှိ ဆန်တင်ပို့သူ လုပ်ငန်းရှင်များသည် ၂၀၂၀-၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် တစ်သိန်းကို ဈေးနှုန်းအားဖြင့် တစ်တန်လျှင် ဒေါ်လာ ၃၀၀ ခန့်ဖြင့် တင်ပို့ရန် စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း၊ ၎င်းဆန်ကွဲများမှာ ခေါက်ဆွဲထုတ်လုပ်မှုနှင့် ဝိုင်အရက်ချက်လုပ်မှုတို့၌ အဓိကသုံးစွဲခြင်းဖြစ်ကြောင်း၊ အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ Mr. B.V. Krishna Rao က အိန္ဒိယဆန်များ၏ အရည်အသွေးပေါ်မူတည်၍ ရှေ့လာမည့်နှစ်၌ တရုတ်နိုင်ငံဘက်မှ တိုးမြှင့်ဝယ်ယူရန် မျှော်မှန်းထားသည်ဟု ပြောဆိုကြောင်း၊ တရုတ်နိုင်ငံသည် နှစ်စဉ်ဆန်တန်ချိန်လေးသန်းခန့်ကို တင်သွင်းလျက်ရှိသော်လည်း အိန္ဒိယနိုင်ငံထွက် ဆန်များအား အရည်အသွေးအကြောင်းပြချက်ဖြင့် ဝယ်ယူမှုမပြုဘဲရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိကာလ၌ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံများမှ ဆန်ဈေးနှုန်းသည် အိန္ဒိယမှ တင်ပို့သည့်ဆန် ဈေးနှုန်းထက်တစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ပိုမိုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. China begins import of Indian rice after 2 years amid border tension, 2 Dec 2020, Economic Times

                   2. China buys Indian rice for 1st time in decades as supplies tighten -India trade officials, 2 Dec 2020, Economic Times