Main menu

Background

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်က ဘဏ်မဟုတ်သောလုပ်ငန်း(၄)ခုကို ဒီဂျစ်တယ်ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုမည်

Mon, 12/07/2020 - 12:07 -- journal_editor

စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်သည် ဒီဂျစ်တယ်ဘဏ်လုပ်ငန်းလိုင်စင်များပေးအပ် ရန်အတွက် စံသတ်မှတ်ချက်များနှင့်ကိုက်ညီသော ဘဏ်မဟုတ်သည့်လုပ်ငန်း(၄)ခုကို ရွေးချယ် လိုက်ကြောင်း ၄ - ၁၂ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

          ယခုကဲ့သို့ မူလက ဘဏ်လုပ်ငန်းမဟုတ်သည့်လုပ်ငန်းများကို ဒီဂျစ်တယ်နည်းလမ်းများ အသုံးပြုစေလျက် ဘဏ်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုရာတွင် အွန်လိုင်းဖြင့် အပ်ငွေ လက်ခံခြင်းမှစ၍ ဘဏ်ဝန်ဆောင်မှု အားလုံးကို ဆောင်ရွက်ခွင့်ရှိသော Digital Full Bank – DFB လိုင်စင်နှင့် စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း များအတွက် ငွေရေးကြေးရေးဝန်ဆောင်မှုများကို ဆောင်ရွက်ခွင့်ရှိသော Digital Wholesale Bank – DWB လိုင်စင်ဟူ၍ လုပ်ငန်းလိုင်စင်အမျိုးအစား (၂)မျိုးကို ပေးအပ်သွားမည်ဖြစ်ပါသည်။

          စင်ကာပူငွေကြေးကြီးကြပ်မှုအာဏာပိုင်၏ သတင်းထုတ်ပြန်ချက်အရ DFB လိုင်စင်ပေးအပ် ရန်အတွက် ရွေးချယ်ခြင်းခံရသောလုပ်ငန်း(၂)ခုမှာ (၁) Grab နှင့် Singtel ကုမ္ပဏီတို့က ပူးပေါင်းဖွဲ့စည်းထားသည့်လုပ်ငန်းစုနှင့် (၂) Sea ကုမ္ပဏီတို့ဖြစ်ပြီး၊ DWB လိုင်စင်အတွက် ရွေးချယ်ခံရသောလုပ်ငန်း(၂)ခုမှာ (၁) Greenland Financial Holdings Group ၊ Linklogis Hong Kong နှင့် Beijing Co-operative Equity Investment Fund Management ကုမ္ပဏီတို့က ပူးပေါင်းဖွဲ့စည်းထားသောလုပ်ငန်းစုနှင့် (၂) Ant Group ကုမ္ပဏီတို့ဖြစ်ပါသည်။ ၎င်းလုပ်ငန်းများ အနေဖြင့် ၂၀၂၂ ခုနှစ်အစောပိုင်းမှစ၍ ဘဏ်လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဟု မျှော်မှန်းထားပါသည်။ ထိုလုပ်ငန်း(၄)ခုအား လိုင်စင်ပေးအပ်ရန်အတွက်ရွေးချယ်ရာတွင်လည်း အဆိုပြုလျှောက်ထားရန် သတ်မှတ်ချက်များနှင့်ကိုက်ညီသောလုပ်ငန်း(၁၄)ခုအနက်မှ စံသတ်မှတ် ချက်များနှင့်အညီ ဘက်ပေါင်းစုံမှ စိစစ်အကဲဖြတ် ရွေးချယ် ခဲ့ခြင်းဖြစ်ပြီး၊ ရှေ့ပြေးအစီအစဉ် အနေဖြင့် DWB လိုင်စင်အတွက် လုပ်ငန်း(၂)ခုကိုသာ ရွေးချယ်ပေးအပ်သွားမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အရေအတွက်တိုးချဲ့ခွင့်ပြုပေးရန် သုံးသပ်သွားမည်ဟု ဖော်ပြထားပါသည်။

          ဒီဂျစ်တယ်ဘဏ်လုပ်ငန်း၏ အခြေခံအုတ်မြစ်ကို အခိုင်အမာချထားနိုင်ရန်အတွက် တင်းကျပ်သောစည်းမျဉ်းစည်းကမ်းများ၊ အကျိုးကျေးဇူးဖြစ်ထွန်းနိုင်မှုတို့အပေါ်အခြေခံ၍  စိစစ် ရွေးချယ်ခဲ့ကြောင်း၊ ဒီဂျစ်တယ်ဘဏ် လုပ်ငန်းဆောင်ရွက်ရန် ရွေးချယ်ခံရသောလုပ်ငန်းများသည် လက်ရှိဘဏ်လုပ်ငန်းများနှင့် ယှဉ်ပြိုင်ဆောင်ရွက်၍ ယခုအချိန်အထိ ငွေရေးကြေးရေးဝန်ဆောင်မှု များကို ကောင်းမွန်စွာ မရရှိနိုင်သေးသောလုပ်ငန်းများနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းအထိ ဝန်ဆောင်မှု ပေးလျက် ဘဏ်လုပ်ငန်းကဏ္ဍတစ်ခုလုံး၏အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့် ကြောင်းနှင့် စင်ကာပူ၏ ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍကို ပိုမိုခိုင်မာအားကောင်းစေလျက် ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း စင်ကာပူ ငွေကြေးကြီးကြပ်မှုအာဏာပိုင်၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr Ravi Menon က ပြောကြားပါသည်။

          ဤကဲ့သို့ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မူလက ဘဏ် လုပ်ငန်းမဟုတ်သောလုပ်ငန်းများအား ဘဏ်လုပ်ငန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်လာစေရန် ဖြေလျှော့ခွင့်ပြုပေးနေသည့်နိုင်ငံများတွင် စင်ကာပူတစ်နိုင်ငံတည်းသာမဟုတ်ဘဲ ဒေသတွင်းရှိ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်နှင့် ကိုရီးယား စသည့်နိုင်ငံနှင့်ဒေသတို့တွင်လည်း ဒီဂျစ်တယ်ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ် ။    ။ Monetary Authority of Singapore, The Business Times

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့