Main menu

Background

ကိုရီးယားသမ္မတနိုင်ငံ၌နေ့စဉ်Coronavirusကူးစက်မှုနှုန်း(၆၀၀) ဦးအထက်သို့ မြင့်တက်လာသဖြင့်ဆိုးလ်မြို့တော်ဧရိယာအဝန်းအဝိုင်းဒေသတွင် Social Distancing အား Level (2.5)သို့မြှင့်တင်သတ်မှတ်၍ ရောဂါစစ်ဆေးမှုများကိုပိုမိုပြုလုပ်သွားရန် သမ္မတမှ ညွှန်ကြားခဲ့မှုအခြေအနေ

Tue, 12/08/2020 - 10:16 -- journal_editor
Photos (Source): Arring News & Internet

ကိုရီးယားသမ္မတနိုင်ငံ၌ (၇-၁၂-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းစာရင်းအရ နေ့စဉ် Coronavirus ကူးစက်မှုနှုန်းလူဦးရေသည် (၆၁၅)ဦး သို့ရောက်ရှိလာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။ (၆-၁၂-၂၀၂၀) ရက်နေ့တွင် ကူးစက်မှုနှုန်း (၆၃၁) ဦးရှိခဲ့သည့်အတွက် ကူးစက်မှု ဦးရေ (၆၀၀)ကျော်သည့် ဒုတိယမြောက်နေ့လည်းဖြစ်ပါသည်။ သို့ဖြစ်၍ ဆိုးလ်မြို့၊ Gyeonggi ပြည်နယ်နှင့်အင်ချွန်းဒေသတို့ပါဝင်သော ဆိုးလ်မြို့တော်ဧရိယာအဝန်းအဝိုင်း(The Greater Seoul) ဒေသတွင်၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှစ၍ Level (2.5)အဆင့်သို့ နောင်ရက် သတ္တပတ်(၃)ပတ်တာအထိ တိုးမြင့်သတ်မှတ်ထားမည်ဖြစ်ကြောင်း (Korea Disease Control & Prevention Agency - KDCA)က ကြေညာခဲ့သည်။

              သို့ဖြစ်၍ တောင်ကိုရီးယားသမ္မတMoon Jae-inကနိုင်ငံ၏ လက်ရှိအကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေသော COVID-19 ရောဂါကူးစက်မှုတတိယလှိုင်းကို ခြေရာခံထိန်းချုပ်နိုင်ရေးအတွက် COVID-19 ကူးစက်ရောဂါ စစ်ဆေးမှုများကို ပိုမိုတိုးမြှင့်၍ အသေးစိတ်စစ်ဆေးဆောင်ရွက်သွားကြရန်၊ အရင်းအမြစ်များအားလုံးကိုစုစည်း၍ ဖြန့်ကြက်ချဲ့ထွင်ကာ အားသွန်ခွန်စိုက်ဆောင်ရွက်သွားကြရန်၊ ပြည်သူများရောဂါစစ်ဆေးမှုများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်စေရေးအတွက် စီမံပေးရန်နှင့် စမ်းသပ်မှုများကိုလည်း ချဲ့ထွင်ဆောင်ရွက်သွားရန်ယနေ့ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် အစိုးရအဖွဲ့သို့ထပ်မံတိုက်တွန်း ပြောကြားခဲ့ကြောင်း အိမ်ပြာတော်၏ ပြောရေးဆိုခွင့်ရှိသူ Chung Man-ho၏ ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

              ကိုရီးယားသမ္မတနိုင်ငံအစိုးရသည် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ် နိုင်ရန်အတွက် ပိုမိုပြည့်စုံသော အစီအမံများဖြင့်မွမ်းမံထားသော Social Distancing Level Alert Systemကို၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့တွင် စတင်အသက်ဝင်စေခဲ့ပြီး၊ စနစ်သစ်အရ Level(1, 1.5, 2, 2.5, 3) ဟူ၍Social Distancing Level (၅) ခု ပါဝင်ပါသည်။နေ့စဉ် ရောဂါ ကူးစက်မှုပျှမ်းမျှလူဦးရေသည် တစ်ပတ်အတွင်း (၄၀၀) မှ (၅၀၀)အတွင်းဖြစ်ပေါ်နေပါကSocial Distancing Level(2.5)သို့သတ်မှတ်ရမည်ဖြစ်ပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ ပြင်ပသို့သွားလာရာတွင် Mask မတပ်မနေရ စည်းကမ်း သတ်မှတ်ချက်ကိုထုတ်ပြန်ထားရှိပြီး၊ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်လျက်ရှိပါသည်။

              လူဦးရေ(၅၀)ဦးထက်များသော မည်သည့်စုဝေးမှုမျိုးကိုမဆို တားမြစ်ထားပြီး၊ မင်္ဂလာဆောင်၊ သာရေး၊ နာရေးနှင့် နှစ်ကူးပွဲတော်များအပါအဝင် လူစုလူဝေးပြုလုပ်ခြင်းများမပြုရန်ကို အမျိုးသားရေးလှုပ်ရှားမှုတစ်ရပ်သဖွယ် လိုက်နာကြရန် အစိုးရမှ နှိုးဆော်ထားပါသည်။ ယခင်က ည(၉)နာရီအထိ ကန့်သတ်စည်းကမ်းချက်များဖြင့်ဖွင့်လှစ်ခွင့်ပြုခဲ့သော အားကစားခန်းမ၊ ကာရာအိုကေသီချင်းဆိုခန်း တို့သည်လည်းကောင်း၊  door-to-door sales businesses စသည်တို့ကိုလည်း ပိတ်ထားရမည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များအနေဖြင့် ည (၉)နာရီ နောက်ပိုင်းတွင် ဆိုင်ထိုင်စားသောက်မှုရောင်းချခြင်းကို ခွင့်မပြုဘဲ ပါဆယ်/ Delivery  စနစ်ဖြင့်သာ ရောင်းချ/ ဝယ်ယူ ခွင့်ပြုကြောင်း၊ ချွင်းချက်အနေဖြင့် ကော်ဖီဆိုင်များကိုမူ ပါဆယ်စနစ်ဖြင့် အချိန်ကန့်သတ်မှုမရှိ ရောင်းချခွင့်ပြုထားကြောင်း၊ ရုပ်ရှင်ရုံ၊ အင်တာနက်ဆိုင်၊ သင်တန်းကျောင်းများ၊ စာပေလေ့လာရေးခန်းမများ၊ ပြခန်းများ၊ ပန်းခြံများ၊ အလှပြင်ဆိုင်များ၊ ဆံသဆိုင်များ၊ ကုန်စုံဆိုင်ကြီးများနှင့် Department Storeများတို့ကိုလည်း ည(၉)နာရီနောက်ပိုင်း ရောင်းချ ခွင့်မပြုတော့ကြောင်း၊ ဘာသာရေးဝန်ဆောင်မှုများအနေဖြင့်လည်း Online မှသာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး လူပုဂ္ဂိုလ်များကိုယ်တိုင်မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်ပါက လူဦးရေ(၂၀)အောက်ကိုသာ စုဝေးဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

              ဆိုးလ်မြို့တော်ဧရိယာအဝန်းအဝိုင်း(The Greater Seoul)ဒေသအနေဖြင့် အထက် တင်ပြပါ Social Distancing (Level 2.5) စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး၊ ယင်းမှအပ ကျန်ဒေသများအနေဖြင့် Social Distancing (Level 2) ၏ စည်းကမ်းများကို ဆက်လက်လိုက်နာရမည်ဖြစ်ပါသည်။ ဆောင်းတွင်းကာလသို့ရောက်ရှိလာပြီဖြစ်၍ ဆောင်းရာသီ အတွင်း COVID-19ကူးစက် ရောဂါထပ်မံပြန့်ပွားမည်ကို စိုးရိမ်လျက်ရှိကြသော ကျန်းမာရေး အာဏာပိုင်များနှင့် ဝန်ထမ်းများအတွက် လတ်တလော နေ့စဉ်COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်နေခြင်းက စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပေသည်။

တင်ပြသူ : ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)