Main menu

Background

ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်း လုပ်ထုံးလုပ်နည်းအချို့အား အိန္ဒိယဗဟိုဘဏ်က ဖြေလျော့ပေးခြင်း

Tue, 12/08/2020 - 10:25 -- journal_editor

အိန္ဒိယနိုင်ငံ၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်း များ အနေဖြင့် စိန်ခေါ်မှုအခက်အခဲများကို ကြုံတွေ့နေရချိန်တွင် အတည်ပြုချက်ရယူမှု လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်စေရန်နှင့် စီးပွားရေး လုပ်ဆောင်မှု လွယ်ကူချောမွေ့မှုကို တိုးတက်ကောင်းမွန်စေရန်အလို့ငှာ ကုန်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့်ရရှိထားသည့် AD ဘဏ်များ (Authorised Dealer Banks) သို့ လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းဖြင့် လုပ်ထုံးလုပ်နည်း ၄ ရပ်အား ဖြေလျော့ပေးလိုက်ကြောင်း အိန္ဒိယဗဟိုဘဏ် (RBI) က ၄-၁၂-၂၀၂၀ နေ့၌ သတင်းထုတ်ပြန်ခဲ့ပါ သည်။

          ပထမဖြေလျော့မှုမှာ သင်္ဘောတင်ပို့မှု စာရွက်စာတမ်းများအား ပို့ကုန်လုပ်ငန်းရှင်ထံမှ ကုန်လက်ခံရာနိုင်ငံရှိ ဝယ်ယူတင်သွင်းသူထံသို့ တိုက်ရိုက်လွှဲပြောင်းပေးပို့မှုနှင့် စပ်လျဉ်း၍ လက်ရှိကာလတွင်AD ဘဏ်များ အနေဖြင့် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ သန်းအထိသာ လက်ခံဆောင်ရွက်ခွင့်ရှိပြီးထိုထက်ပိုမိုသော ပမာဏအတွက် ဗဟိုဘဏ်၏ အတည်ပြုချက်ကို ရယူပြီးမှသာ ဝန်ဆောင်မှုပေးရန်ကန့်သတ်ထားရာမှ သင်္ဘောတင်ပို့မှု တစ်ကြိမ် တန်ဖိုး မည်မျှရှိသည်ဖြစ်စေ လက်ခံဆောင်ရွက်ခွင့်ပြုခြင်းဖြစ်ပါသည်။

          ဒုတိယအချက်မှာ ကုန်တင်ပို့မှုအမှန်တကယ် ဖြစ်မြောက်ခဲ့ခြင်းမရှိသော ကိစ္စရပ်များ နှင့် ပတ်သက်၍ လက်ရှိ ကာလ၌ AD ဘဏ်များ အနေဖြင့် သတ်မှတ်တန်ဖိုးထက် ကျော်လွန်ပါက ဗဟိုဘဏ်၏ အတည်ပြုချက် ရရှိပြီးမှသာစာရင်းပယ်ဖျက်ခွင့်ပြုသည့် ကန့်သတ်ချက်အား ဖယ် ရှားပေးခြင်းဖြစ်ပါသည်။ RBI ၏ သတင်းထုတ်ပြန်ချက်၌ ပြည်ပရှိကုန်ဝယ်သူသည် လူမွဲခံရ လျှင်ဖြစ်စေ၊ တင်ပို့လိုက်သည့် ကုန်စည်အတွက် သက်ဆိုင်ရာနိုင်ငံရှိ အိန္ဒိယ သံရုံး/ ကုန်သည် အသင်းများက တန်ဖိုးငွေ ရရှိပြီးလျှင်ဖြစ်စေ၊ သို့မဟုတ် ကုန်လက်ခံသည့်နိုင်ငံရှိ အကောက်ခွန်/ ဆိပ်ကမ်းအာဏာပိုင်/ ကျန်းမာရေးအာဏာပိုင် စသည့်အဖွဲ့အစည်းတစ်ရပ်ရပ်က တင်သွင်းလာသည့် ကုန်စည်အား ဖျက်ဆီးစေရန် အမိန့်ချမှတ် ဆောင်ရွက်ခဲ့လျှင် ကုန်သွယ်မှု အထမမြောက် သော ၎င်းကိစ္စအပေါ် ကုန်တင်ပို့သူက စာရွက်စာတမ်းများ တိုက်ရိုက်ပေးပို့လျက် စာရင်းပယ်ဖျက်ပေးရန် တောင်းဆိုလာပါက AD ဘဏ်များ အနေဖြင့်တန်ဖိုးကန့်သတ်ချက်မရှိဘဲ လက်ခံဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားပါသည်။

          အိန္ဒိယဗဟိုဘဏ်၏ တတိယဖြေလျော့ပေးသည့် လုပ်ထုံးလုပ်နည်းမှာ ပို့ကုန်အတွက် ရရန်ရှိသည့်ငွေနှင့် သွင်းကုန်အတွက် ပေးချေရန်ရှိသည့်ငွေတို့ကို ခုနှိမ်ဆောင်ရွက်ခွင့်ပြုခြင်း ဖြစ် ပါသည်။ နှစ်ဘက်ကုန်သည်များသည် အိန္ဒိယနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု မူဝါဒနှင့်အညီ တရားဝင်စာချုပ်ချုပ်ဆို ဆောင်ရွက်ထားခြင်းဖြစ်ပါက ထိုသို့လုပ်ကိုင်လျက်ရှိသည့် အိန္ဒိယကုမ္ပဏီကတူညီသည့်ပြက္ခဒိန်နှစ်အတွင်း ဆောင်ရွက်ခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများ အပေါ် ၎င်း၏ကုန်သွယ်ဘက်ထံမှ ရရန်ရှိသည့် ပို့ကုန်တန်ဖိုးနှင့် ပေးရန်ရှိသော သွင်းကုန်တန်ဖိုးတို့ကို ခုနှိမ်ပေးရန် တောင်းဆိုလာလျှင် AD ဘဏ်များအနေဖြင့် လက်ခံဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

          စတုတ္ထဖြေလျော့မှုမှာအရည်အသွေးနိမ့်ကျသော ကုန်စည်များလက်ခံရရှိခြင်းအတွက် ပြည်ပရှိ ကုန်ဝယ်သူထံမှ တောင်းဆိုလာပါက ပို့ကုန်အတွက် လက်ခံရရှိထားသည့် ကုန်ဖိုးငွေကို ပြန်အမ်းပေးနိုင်ကြောင်း AD ဘဏ်များ သို့ လုပ်ဆောင်ခွင့်ပြုခြင်းဖြစ်ပါသည်။ လက်ရှိကာလ၌ ထို ကဲ့သို့ ကုန်ဖိုးငွေပြန်အမ်းခြင်းကို တင်ပို့လိုက်သည့် ကုန်စည်များအား အိန္ဒိယနိုင်ငံသို့ ပြန်လည် တင်သွင်းမှသာ လုပ်ဆောင်ခွင့်ပြုထားခြင်းဖြစ်သည်။ ယခုဖြေလျော့မှုအရ ၎င်းကုန်စည်များသည် သဘာဝအလျောက် ပုပ်သိုးပျက်စီးလွယ်သော ကုန်များဖြစ်ပါက သို့မဟုတ် ကုန်လက်ခံသည့် နိုင်ငံရှိ အကောက်ခွန်/ ဆိပ်ကမ်းအာဏာပိုင်/ ကျန်းမာရေးအာဏာပိုင် စသည့် အဖွဲ့အစည်း တစ်ရပ်ရပ်၏ အမိန့် ချမှတ်မှုဖြင့် ကုန်စည်အား လေလံတင်ခြင်း/ ဖျက်ဆီးစေခြင်း ဆောင်ရွက် ခဲ့လျှင် ပြန်လည်တင်ပို့ရန် တောင်းဆိုခြင်းမပြုဘဲ သက်ဆိုင်သည့် စာရွက်စာတမ်းများတင်ပြစေ လျက် AD ဘဏ်များက ပြန်အမ်းငွေ ထုတ်ပေးနိုင်မည်ဖြစ် သည်။

          အိန္ဒိယဗဟိုဘဏ်၏ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများအပေါ် အိန္ဒိယပို့ကုန်လုပ်ငန်း အသင်းများ အဖွဲ့ချုပ် (FIEO) မှ အမှုဆောင်အရာရှိချုပ် Mr. Ajay Sahai က COVID-19 ကပ် ရောဂါ ကာလ၌ အိန္ဒိယပို့ကုန်လုပ်ငန်းရှင် များစွာသည် ပြည်ပရှိဝယ်ယူသူများထံသို့ ကုန်သွယ်မှု ဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများကို တိုက်ရိုက် ပေးပို့ဆောင်ရွက်ရလျက်ရှိကြောင်း၊ သို့ရာတွင် Status Holder Exporter ခေါ် အစိုးရ၏ အသိအမှတ်ပြု အဆင့်အတန်းရရှိထားသည့် ကုမ္ပဏီကြီးများကသာ ထိုသို့ဆောင်ရွက်မှုကို လွတ်လပ်စွာလုပ်ဆောင်နိုင်ပြီး ကျန်လုပ်ငန်းရှင် များမှာ ကြိုတင်ငွေပေးချေထားသည့် ကိစ္စရပ်၌သာ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း၊ အမှန်တကယ် ဖြစ်မြောက် ခဲ့ခြင်းမရှိသော ကုန်တင်ပို့မှုကိစ္စများအား စာရင်းမှပယ်ဖျက်ရာတွင်လည်း ပို့ကုန် တန်ဖိုးငွေ အပေါ်မူတည်၍ သာမန်လုပ်ငန်းရှင်အတွက် ၅% နှင့် Status Holder လုပ်ငန်းရှင် အတွက် ၁၀% အထိသာ AD ဘဏ်များအား လုပ်ဆောင် ခွင့်ပြုထားခြင်းဖြစ်ပြီး ထိုထက်ပိုမိုပါက ဗဟိုဘဏ်၏ အတည်ပြုချက်ရယူရန်လိုအပ်မှုရှိခဲ့ကြောင်း၊ ယခုဗဟိုဘဏ်၏ ဖြေလျော့ပေးမှုမှာ ကုန်သွယ်မှုဆိုင်ရာ ဘဏ်လုပ်ငန်းများအတွက် လက်တွေ့ကျသည့် ပြောင်းလဲဖော်ဆောင်မှုပင် ဖြစ်ကြောင်း၊ သို့သော် အာဖရိကဒေသရှိ နိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် ဒူဘိုင်းကဲ့သို့သော တတိယကြားခံ ဒေသ/ နိုင်ငံများမှတစ်ဆင့် ငွေပေးချေဆောင်ရွက်နေရသဖြင့် အိန္ဒိယဗဟိုဘဏ် မှ ယခုထက်ပိုမို၍ ကူညီဆောင်ရွက် ပေးရန် ကုန်သည်လုပ်ငန်းရှင်များက လိုလားလျက်ရှိကြောင်း စသည်ဖြင့် ပြောဆိုမှုအား Business Standard သတင်းဌာနက ဖော်ပြခဲ့သည်။

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. Statement on Developmental and Regulatory Policies, Press Release No. 2020-2021/721 dated 2 Dec 2020, Reserve Bank of India

                   2. Export rules eased, traders laud steps but want more, 5 Dec 2020, Business Standard