Main menu

Background

Land & Housing Corporation (LH)မှဆောင်ရွက်သည့် LH Global Business Conventionဖွင့်ပွဲအခမ်းအနားသို့သံအမတ်ကြီးမှတက်ရောက်မိန့်ခွန်းပြောကြား၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား LH သို့ အသိအမှတ်ပြုဆုတံဆိပ် ပေးအပ်ချီးမြှင့်ပေးခဲ့

Fri, 12/11/2020 - 10:38 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံ၊ Land&Housing Corporation (LH) ၏ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးသန့်စင်သည်(၉-၁၂-၂၀၂၀) ရက်နေ့၊ ဒေသစံတော်ချိန် (၁၄:၃၀)နာရီအချိန်တွင် ကိုရီးယား သမ္မတနိုင်ငံ၊ Korea Land & Housing Corporation (LH) မှ ဆိုးလ်မြို့၊ The-K Hotel Seoul (Grand Ballroom) ၌ကျင်းပပြုလုပ်သော LH Global Business Conventionဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ပြီး၊  မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Korea Land & Housing Corporation သို့ ပေးအပ်ချီးမြှင့်သည့် အသိအမှတ်ပြုဆုတံဆိပ်ကို ပြည်ထောင်စုဝန်ကြီး၏ကိုယ်စား သံအမတ်ကြီးမှ တက်ရောက်ချီးမြှင့်ပေး ခဲ့ပါသည်။

              အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ LH ၏ Executive Vice President ဖြစ်သူ Mr.Chang Choong-mo နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ကူဝိတ်၊ ပီရူး သံအမတ်ကြီးများနှင့် အခြားကန့်သတ်ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

              ဖွင့်ပွဲအခမ်းအနားမတိုင်မီ LH ၏ Executive Vice President ဖြစ်သူ Mr. Mr.Chang Choong-mo မှ သံအမတ်ကြီး ဦးသန့်စင်အား  အထူးဧည့်သည့်တော်ခန်းမ၌ သီးခြားဧည့်ခံ တွေ့ဆုံခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ အတွင်း မြန်မာနိုင်ငံ၌ ဆောင်ရွက်ရန် လျာထားသည့် ကိုရီးယား-မြန်မာ-စက်မှုဥယျာဉ်မြို့တော် (Korea Myanmar Industrial Complex - KMIC) Groundbreaking Ceremony အတွက် ကိုရီးယားအဆင့်မြင့် ကိုယ်စားလှယ်နှင့် အဖွဲ့မှ မြန်မာနိုင်ငံသို့ သွားရောက်ရေးအပေါ် ကိုရီးယားသမ္မတနိုင်ငံ၏ သမ္မတရုံးသို့တင်ပြထားသည့်ကိစ္စများအပါအဝင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ဆောက်လုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြ သည်။

              ဖွင့်ပွဲအခမ်းအနား၌ မြန်မာသံအမတ်ကြီးမှ ပြောကြားသည့် ဂုဏ်ပြုမိန့်ခွန်းတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော သံတမန်ဆက်ဆံရေးပေါ်အခြေခံ၍ ကိုရီးယား-မြန်မာ-စက်မှုဥယျာဉ်မြို့တော် (Korea Myanmar Industrial Complex - KMIC) အပါအဝင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တိုးတက်မှုများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် အပြန်အလှန်ကူးလူးဆက်နွယ်မှုများ၊ မကြာမီက ကိုရီးယားသမ္မတ နိုင်ငံနှင့် မြန်မာနိုင်ငံတို့အပါအဝင်(အာဆီယံ+၅)နိုင်ငံတို့၏Regional Comprehensive Economic Partnership (RCEP)အားလက်မှတ်ရေးထိုးပြီးစီးမှုမှသည် ကုန်သွယ်ရေးရာ တိုးတက်မှု မျှော်မှန်း ချက်များ စသည်တို့ကို ထည့်သွင်းပြောကြားခဲ့ပြီး၊ ယခုကဲ့သို့ COVID-19 ဆိုင်ရာ ကန့်သန့်ချက်နှင့် စိန်ခေါ်မှုများ ကြားမှ မြန်မာနိုင်ငံတွင် KMIC ကိုအောင်မြင်စွာဆက်လက် အကောင်အထည်ဖော်နိုင် လျက်ရှိခြင်းကြောင့် LH အတွက် လွန်စွာပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

              ထို့နောက် မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Korea Land & Housing Corporation သို့ပေးအပ်ချီးမြှင့်သော အသိအမှတ်ပြုဆုတံဆိပ်ကို ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၏ကိုယ်စား သံအမတ်ကြီး ဦးသန့်စင်မှ တက်ရောက်ချီးမြှင့်ပေးခဲ့ရာ LH ၏ Executive Vice President မှလက်ခံရယူခဲ့ပါသည်။

              ဖွင့်ပွဲအခမ်းအနားပြီးသည့်နောက် သံအမတ်ကြီးသည် 2020 LH-Global Korea Expo ၏ပြခန်းများသို့ လိုက်လံကြည့်ရှုလေ့လာ၍ KMIC အပါအဝင် မြန်မာနိုင်ငံနှင့် LH တို့၏ ပူးပေါင်း ဆောင်ရွက်မှုများကို ပြသထားသော ပြခန်းကို လေ့လာကြည့်ရှုခဲ့ပါသည်။ LH Global Business Convention နှင့်2020 LH-Global Korea Expoတို့အား   (၁၁-၁၂-၂၀၂၀) ရက်နေ့ အထိ The-K Hotel Seoul ၌ဆက်လက်ကျင်းပလျက်ရှိပါသည်။ (၁၁-၁၂-၂၀၂၀) ရက်နေ့ တွင် KMIC တွင် စက်ရုံဖွင့်လှစ် လုပ်ကိုင်လိုသည့် ကိုရီးယားကုမ္ပဏီများအား မြေနေရာစတင်ငှားရမ်းမည်ဖြစ်ရာ တစ်စတုရန်းမီတာ လျှင်ပျှမ်းမျှအမေရိကန်ဒေါ်လာ (၇၂)နှုန်းဖြင့်ငှားရမ်းသွားရန်ရှိကြောင်း အလွတ်သဘော သိရှိရ သည်။

              ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော် (KMIC)ကို မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန (မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)နှင့် Korea Land & Housing Corporation တို့မှပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယင်း KMIC မှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၀၀,၀၀၀) ခန့် ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်၍ ကုန်သွယ်ရေး၊ စီးပွား ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာနိုင် မည်ဖြစ်သည်။

              Korea Land & Housing Corporation ၏ အကြီးအကဲ Mr. Byeon Chang-heumအား Land & Transport ဝန်ကြီးအသစ်အဖြစ် ခန့်အပ်ရန် ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတမွန်ဂျေအင်းမှ အမည်စာရင်းရွေးချယ်အဆိုပြု ထားပြီး၊လွှတ်တော်မှအတည်ပြုချက်ကိုစောင့်ဆိုင်းလျက်ရှိပါသည်။

တင်ပြသူ : ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)