Main menu

Background

UK နှင့် စင်ကာပူနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး

Fri, 12/11/2020 - 15:13 -- journal_editor

UK - စင်ကာပူ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (UK - စင်ကာပူ FTA) ကို စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Chan Chun Sing နှင့် UK အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာန Secretary of State ဖြစ်သူ Elizabeth Truss တို့က         ၁၀ - ၁၂ - ၂၀၂၀ ရက်တွင် စင်ကာပူ၌ လက်မှတ်ရေးထိုးခဲ့ပါသည်။ အီးယူမှ UK  ခွဲထွက်ခဲ့ပြီး နောက်ပိုင်းတွင်လည်း အီးယူနှင့် စင်ကာပူတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် (EUSFTA) ပါအတိုင်း တူညီသောအကျိုးကျေးဇူးများကို UK နှင့် စင်ကာပူကုမ္ပဏီတို့က ဆက်လက်ခံစားခွင့်ရရှိနိုင်စေရန် UK - စင်ကာပူ FTA ကို လက်မှတ်ရေးထိုး ခြင်းဖြစ်ပါသည်။

          သို့ပါ၍ FTA စတင်အာဏာသက်ဝင်သည်နှင့်တစ်ပြိုင်နက် UK နှင့် စင်ကာပူကုမ္ပဏီများ အနေဖြင့် ကုန်စည်ကုန်သွယ်မှုတွင် အကောက်ခွန်ဖယ်ရှားပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အစိုးရ၏ဝယ်ယူရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းနှင့် ကုန်သွယ်မှုဆိုင်ရာ အကောက်ခွန် မဟုတ်သောအတားအဆီးများကို ဖြေလျှော့ပေးခြင်း စသည့်အခွင့်အရေးများသာမက အီးယူ ၂၇ နိုင်ငံနှင့် အာဆီယံနိုင်ငံတို့မှ ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများကို တင်သွင်း၍ ထုတ်လုပ်ထား သောပို့ကုန်များအပေါ် နှစ်နိုင်ငံအကြား အပြန်အလှန်တင်ပို့ရာတွင်လည်း အကောက်ခွန်ဆိုင်ရာ အထူးအခွင့်အရေးပေးမှုများကို ခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ ဤအခြေအနေမှာ အီးယူနှင့် အာဆီယံဒေသ တွင်း၌ UK နှင့် စင်ကာပူနိုင်ငံတို့၏ ဗဟိုဌာနများအဖြစ် ရပ်တည်ဆောင်ရွက် နိုင်ရေး ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ UK နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအကြား ပထမဆုံး ရေးထိုးသည့် FTA ဖြစ်သည့်အတွက် အာဆီယံဒေသနှင့် UK ၏ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် ရှေ့ဆောင်လမ်းပြတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။

          အလားတူ နှစ်နိုင်ငံအကြား ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရန် အတွက် ၂၀၂၁ ခုနှစ်တွင် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပြီး၊ UK - စင်ကာပူ FTA စတင်အာဏာ သက်ဝင်ပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား အဆင့်မြင့်ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးသဘောတူစာချုပ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများစတင်ပြုလုပ်သွားနိုင်ရန်နှင့် (၂)နှစ် မှ (၄)နှစ်အတွင်း လက်မှတ်ရေးထိုးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်များပြုခဲ့ကြပါသည်။

          UK - စင်ကာပူ FTA လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးပိုင်း ခိုင်မာစေပြီး၊ စီးပွားရေးလုပ်ငန်းများအတွက် လုပ်ကိုင်ဆောင်ရွက်ရန် သေချာမှုရှိသောပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်ကြောင်း၊ နှစ်နိုင်ငံအကြား ဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်အတွက် ဆွေးနွေးမှုများ ကို ၂၀၂၁ ခုနှစ်တွင် စတင်ပြုလုပ်သွားရန် သဘောတူညီမှုရရှိခဲ့ခြင်းမှာ အနာဂတ်တွင် လိုအပ်မည့် ဒီဂျစ်တယ်ကုန်သွယ်ရေးစည်းမျဉ်းများကို ချမှတ်နိုင်ရန်အတွက် ဒီဂျစ်တယ်နည်းပညာအသုံးပြုမှု ဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုရှိသော နိုင်ငံများဖြစ်ကြောင်းကို ဖော်ပြနေ ကြောင်း၊ UK သည် ပစိဖိတ်ဖြတ်ကျော် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (CPTPP) သဘောတူစာချုပ်တွင် ပါဝင်ရန်လည်း စိတ်ပါဝင်စားမှုဖော်ပြခဲ့ပြီးဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Chan Chun Sing ​က ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ် ။    ။ Ministry of Trade and Industry, Singapore

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့