Main menu

Background

၂၀၂၁ ခုနှစ်တွင် စင်ကာပူနှင့် ပစိဖိတ်မိတ်ဖက်အဖွဲ့ဝင် (၄) နိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည်

Tue, 12/15/2020 - 11:40 -- journal_editor

ချီလီ၊ ကိုလံဘီယာ၊ မက္ကဆီကိုနှင့် ပီရူး (၄)နိုင်ငံပါဝင်သော ပစိဖိတ်မိတ်ဖက်အဖွဲ့နှင့် စင်ကာပူနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် (Pacific Alliance – Singapore Free Trade Agreement – PASFTA) လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများကို ၁၁ - ၁၂ - ၂၀၂၀ ရက်တွင် အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ခြင်းအပေါ် ယင်းနေ့တွင် Videoconference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၁၅) ကြိမ်မြောက် ပစိဖိတ် မိတ်ဖက်အဖွဲ့ထိပ်သီးအစည်းအ​ဝေး၌ ပစိဖိတ်မိတ်ဖက်အဖွဲ့ဝင်နိုင်ငံတို့၏ ခေါင်းဆောင်ကြီးများနှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong တို့က ကြိုဆိုခဲ့ကြကြောင်း၊ PASFTA အတွက် (၃)နှစ်ကြာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ရပြီး၊ ယခုအခါ ဆွေးနွေးမှုများကို အပြီးသတ်နိုင်ခဲ့သော ကြောင့် ၂၀၂၁ ခုနှစ်တွင် စာချုပ်လက်မှတ်ရေးထိုးသွားကြမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

           ပစိဖိတ်မိတ်ဖက်အဖွဲ့ဝင်(၄)နိုင်ငံ၏ စုစုပေါင်းစီးပွားရေးအင်အားသည် ကမ္ဘာတွင် နံပါတ် (၈) နေရာတွင်ရှိပြီး၊ ယင်းအဖွဲ့သည် ကမ္ဘာ့သတ္တမမြောက်အများဆုံးတင်ပို့သူဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် စင်ကာပူသည် ယင်းနိုင်ငံတို့နှင့် ကုန်စည်ကုန်သွယ်မှုကို စင်ကာပူဒေါ်လာ ၆ဒသမ၁ ဘီလီယံအထိ ပြုလုပ်နိုင်ခဲ့သည့်အတွက် ယင်းပမာဏမှာ စင်ကာပူ၏ လက်တင်အမေရိက နိုင်ငံများနှင့် ကုန်စည်ကုန်သွယ်မှုပမာဏစုစုပေါင်း၏ ၃၃ဒသမ၂ ရာခိုင်နှုန်းကို ကိုယ်စားပြု ကြောင်း ဖော်ပြထားပါသည်။

  ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒများကြောင့် နိုင်ငံစုံပါဝင်သောစနစ်အပေါ် ဖိအားများ ဖြစ်ပေါ်နေချိန်တွင် မိမိတို့သည် နှစ်ဖက်အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု များကို လေးနက်စွာ ဆောင်ရွက်သွား လိုကြသည်ကို ဖော်ပြနေကြောင်း ဝန်ကြီးချုပ် Lee Hsien Loong က ပြောကြားခဲ့ပြီး၊ ဤသဘောတူစာချုပ်သည် အဖွဲ့ဝင်များအကြား ကုန်သွယ်ရေး၊ စျေးကွက်ဝင်ရောက်မှုနှင့် စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးပေး နိုင်မည်ဖြစ်ကြောင်းနှင့် စင်ကာပူသည် လွတ်လပ်၍ စည်းမျဉ်းအခြေခံသော ကုန်သွယ်ရေးစနစ်ကို အားပေးထောက်ခံပြီး သဘောထားတူညီသောနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ဆန္ဒရှိကြောင်း ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဌာန ဝန်ကြီး Chan Chun Sing က ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, The Sunday Times

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့