Main menu

Background

စင်ကာပူတွင် ကိုရီးယားဇာတ်လမ်းများရိုက်ကူး၍စင်ကာပူ၏ ခရီးသွားစျေးကွက်မြှင့်တင်နိုင်ရေးဆောင်ရွက်မည်

Tue, 12/15/2020 - 11:43 -- journal_editor

           စင်ကာပူနိုင်ငံ၏ ခရီးသွားစျေးကွက်မြှင့်တင်နိုင်ရန်အတွက် စင်ကာပူတွင် ကိုရီးယား ဇာတ်လမ်းများရိုက်ကူး၍ စျေးကွက်ရှာဖွေခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားကြရန် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စင်ကာပူခရီးသွားလာရေးဘုတ် အဖွဲ့ (Singapore Tourism Board-STB) နှင့် တောင်ကိုရီးယားနိုင်ငံ၏ ထိပ်သီးဇာတ်လမ်း ရိုက်ကူးဖြန့်ချိရေးကုမ္ပဏီတစ်ခုဖြစ်သော Studio Dragon ကုမ္ပဏီတို့အကြား (၃)နှစ်သက်တမ်း ရှိသည့် နားလည်မှုစာချွန်လွှဲ (MoU) ကို ၈- ၁၂ - ၂၀၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

          ဤပူးပေါင်းဆောင်ရွက်မှုသည် စင်ကာပူနိုင်ငံအား တောင်ကိုရီးယားအပါအဝင် အခြား ဒေသများက စိတ်ပါဝင်စားလာပြီး စင်ကာပူသို့ လာရောက်လည်ပတ်ကြစေရန်ဆွဲဆောင်သည့် STB ၏ စျေးကွက် ရှာဖွေရေးနည်းဗျူဟာများအနက်မှ တစ်ခုဖြစ်ပါသည်။ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် လက်ရှိ ခရီးသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့လာချိန်တွင် Studio Dragon ကုမ္ပဏီသည် စင်ကာပူနိုင်ငံနောက်ခံဖြင့် ကိုရီးယား ဇာတ်လမ်းများကို ရိုက်ကူးမည်ဖြစ်ပါသည်။ ထိုသို့ ရိုက်ကူး ရာတွင် စင်ကာပူရှိ တည်နေရာအမျိုးမျိုးနှင့် ယဉ်ကျေးမှုပေါင်းစုံကို ဖော်ပြသွားနိုင်ရန် STB က အကြံပေးအနေဖြင့် အနီးကပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့ စင်ကာပူတွင် ရိုက်ကူး ထုတ်လုပ်မည့်ဇာတ်လမ်းများအတွက် အရောင်းမြှင့်တင်ရေးနှင့် စျေးကွက်ရှာဖွေရေးလုပ်ငန်းများ ကိုလည်း လက်ရှိဖြစ်ပေါ်တိုးတက်နေသော ခရီးသွားလာရေးဆိုင်ရာမူဝါဒများနှင့် ခရီးသွားလာရေး အတွက် အဆင်သင့်ဖြစ်မှုအခြေအနေများအပေါ်မူတည်၍ အဆင့်လိုက်ပူးပေါင်းဆောင်ရွက်သွား ကြမည် ဖြစ်ပါသည်။

          စင်ကာပူ၏ မြို့ပြအလှအပနှင့် ရိုးရာယဉ်ကျေးမှုပေါင်းစုံကို ပြသသွားနိုင်ရန် စိတ်အား ထက်သန်နေကြောင်း၊ ကိုရီးယားဇာတ်လမ်းများမှာ နိုင်ငံတကာတွင် ရေပန်းစားသည့်အတွက် ဤပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှတစ်ဆင့် စင်ကာပူနိုင်ငံ၏အကြောင်းကို နိုင်ငံတကာ၏ စိတ်ဝင်စားမှု ပိုမိုရရှိလာစေမည်ဟု မျှော်လင့်ကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာ ခရီးသွားလာမှုများ အရှိန်ပြန်လည်ရရှိလာချိန်တွင် နိုင်ငံခြား ခရီးသည်များ စင်ကာပူသို့ လာရောက် လည်ပတ်စေရေးဖိတ်ခေါ်ပေးနိုင်ပြီး စင်ကာပူ၏ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နာလန်ထူလာ နိုင်စေရန်အတွက် အထောက်အကူပြုပေးမည်ဟု ယုံကြည်ကြောင်း STB ၏ အမှုဆောင် အရာရှိချုပ် Keith Tan က ပြောကြားပါသည်။

          ၂၀၁၉ ခုနှစ်တွင် စင်ကာပူသို့ တောင်ကိုရီးယားနိုင်ငံမှ ခရီးသည် ၆၄၆,၀၀၀ ဦးခန့် ဝင်ရောက်ခဲ့သည့်အတွက် စင်ကာပူသို့ အများဆုံးလာရောက်လည်ပတ်သည့်နိုင်ငံများအနက် တောင်ကိုရီးယားသည် အဆင့် (၉) နေရာတွင် ရှိကြောင်းနှင့် အဆိုပါဦးရေသည် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ် ။    ။ Singapore Tourism Board – STB

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့