Main menu

Background

သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ (R&D) အတွက် စင်ကာပူဒေါ်လာ ၂၅ ဘီလီယံ သုံးစွဲသွားမည်ဟု စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီချုပ်က ပြောကြား

Tue, 12/15/2020 - 11:48 -- journal_editor

               စင်ကာပူသည် ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) လုပ်ငန်းများအတွက် စင်ကာပူဒေါ်လာ ၂၅ ဘီလီယံသုံးစွဲမည်ဖြစ်ကြောင်း၊ ဤပမာဏသည် ယခင် (၅) နှစ်ကာလတွင် ခွဲဝေသုံးစွဲခဲ့သော စင်ကာပူဒေါ်လာ ၁၉ ဘီလီယံထက် ၃၂ ရာခိုင်နှုန်းခန့် ပိုမိုကြောင်း၊ R&D လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေးလုပ်ငန်း များနှင့် လုပ်သားများအတွက် အခွင့်အလမ်းကောင်းများကို ပိုမိုဖန်တီး ပေးနိုင်ပြီး ကိုဗစ် ၁၉ ကပ်ရောဂါ၏ ဖိစီးမှုများမှ အလျင်အမြန် ပြန်လည်ရုန်းထလာနိုင်စေရေးအတွက် ကူညီပေးနိုင် ကြောင်း၊ မိမိတို့သည် လွန်ခဲ့သော (၅)နှစ်အတွင်းက တိုးတက်ပြောင်းလဲလာမှုများကို သတိပြု မိကြသည့်အတိုင်း နည်းပညာပြောင်းလဲတိုးတက်မှု၏ မြန်ဆန်မှုကို လျှော့တွက်၍မရကြောင်း၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် အပြောင်းအလဲများကို တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိစေရန် အတွက် ဆက်လက်ရင်းနှီးမြှုပ်နှံသွားရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် Heng Swee Keat က ၁၁ - ၁၂ - ၂၀၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။

          စင်ကာပူနိုင်ငံကို နည်းပညာဆိုင်ရာဗဟိုဌာနတစ်ခုဖြစ်လာအောင် တွန်းပို့ပေးခဲ့သော R&D လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုများကို ၁၉၉၁ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ရာ စင်ကာပူဒေါ်လာ ၆၀ဒသမ၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံ ခဲ့ပြီးဖြစ်ကြောင်း၊ GDP ၏ ၁ ရာခိုင်နှုန်းခန့်ရှိသောပမာဏကို R&D လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်း၊ ယခုအခါ စင်ကာပူတွင် သိပ္ပံပညာရှင် ၇၈ ဦးအထိရှိလာပြီး၊ ၎င်းတို့သည် ကိုဗစ် ၁၉ ရောဂါစမ်းသပ် ရှာဖွေမှုကိရိယာများတီထွင်ခြင်း၊ ကုသခြင်းနှင့် ကာကွယ်ဆေးဖော်ထုတ်ခြင်းလုပ်ငန်းများတွင်  အဓိကကျသည့်အခန်းကဏ္ဍမှပါဝင် လျက်ရှိကြောင်း၊ ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ (၅) နှစ်တာကာလတွင် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်ရေးနှင့် ရေကြောင်း/လေကြောင်းဆက်သွယ်မှုပိုင်းတို့တွင် မှတ်ဉာဏ်တု (AI) နည်းပညာ များအသုံးပြုခြင်း၊ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး၊ မြို့ပြရေရှည်ဖွံ့ဖြိုးတက်ရေး၊ စမတ်နိုင်ငံတော်နှင့် ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာနယ်ပယ်များအတွက် R&D လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမည်ဟုသိရပါသည်။

သတင်းရင်းမြစ် ။    ။ channel news asia / Today Online

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့