Main menu

Background

ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်လာသည့် တရုတ်နှင့် အာဆီယံ

Tue, 12/15/2020 - 12:13 -- journal_editor

(၁၅)ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ်အား ဒီဇင်ဘာလ (၈) ရက်နေ့တွင် ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကွေ့လင်မြို့တွင် ကျင်းပခဲ့ပြီး၊ တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှုဌာနများမှ ကိုယ်စား လှယ်များက အွန်လိုင်းနှင့် အွန်လိုင်းပြင်ပပွဲများတွင် တစ်စုတစ်စည်းတည်းတက်ရောက်ခဲ့ကြပါသည်။

၎င်းပွဲအား ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရတို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်ဖိုရမ်၏ ရည်ရွယ်ချက်မှာ ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်များအား ကာကွယ်ရေး၊ အမွေ ဆက်ခံရေးနှင့် ခရီးသွား လာမှုဖွံ့ဖြိုးရေးဖြစ်ပါသည်။

ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး Zhang Xuက ပြောကြားရာတွင် အာဆီယံမှာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းအောက်၌ အမြန်ဆုံးဖွံ့ဖြိုးလာ နေသည့် ဒေသဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများသည် ယဉ်ကျေးမှုနှင့် ခရီးသွား ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် အလားအလာကောင်းများဖြင့် ကျယ်ပြန့်သော ဖွံ့ဖြိုးတိုး တက်မှုအခွင့်အလမ်းများအား ရရှိခံစားလျက်ရှိကြကြောင်း၊ ရှေးဟောင်းနေရာများ အား တူးဖော်ရှာဖွေရေး၊ ယဉ်ကျေးမှုအကြွင်းအကျန်များ ထိန်းသိမ်းမှုအပေါ် သုတေသန ပြုလုပ်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များအား ဒစ်ဂျစ်တယ်မှုပြုလုပ်ရေးစသည့်နယ်ပယ်များတွင် အာဆီယံနိုင်ငံများနှင့် ခိုင်မာစွာ ပူးပေါင်း ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက စိတ်အား ထက်သန်လျက်ရှိပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးဌာန ဝန်ကြီး Phoeurng Sackonaကလည် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့သည် လွန်ခဲ့သည့်နှစ်ပေါင်း ၂,၀၀၀ ကျော်ကတည်းက ယဉ်ကျေးမှုချင်းဖလှယ်ခဲ့ကြပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၏ ယဉ်ကျေး မှုအမွေအနှစ်များအား ကာကွယ်ရေး၊ မြှင့်တင်ရေးနှင့် လူသိများစေရေးတို့တွင် တရုတ်နိုင်ငံ က များစွာသောအားပေးကူညီမှုများပြုလုပ်ပေးခဲ့ကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဆက်ဆံမှုများ ပိုမိုပြုလုပ်နိုင်မည်ဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့ပါသည်။

ဖိုရမ်နှင့်တစ်ဆက်တည်းမှာပင် တရုတ်-အာဆီယံခရီးသွားလာရေးပြပွဲအား ၃ ရက်ကြာကျင်းပခဲ့ပါသည်။ ၎င်းပြပွဲမှာ တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ခရီးသွား လာရေး၊ ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများအား e-commerce ၊ နည်းပညာနှင့် 5Gကွန်ယက်များပါ ပေါင်းစပ်လျက် ရှေ့သို့ ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ တရုတ်-အာဆီယံ ခရီးသွားလာရေးပြပွဲအား ကွေ့လင် မြို့တွင် ၂၀၁၅ခုနှစ်မှ စတင်ကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ်ပြပွဲတွင်မူ 5G၊ big dataနှင့် virtual realityကဲ့ သို့သော အဆင့်မြင့်နည်းပညာများ၏ အကူအညီဖြင့် အွန်လိုင်းမှပြပွဲကိုပါ ထည့်သွင်းပြသ ခြင်းဖြစ်ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၉-၁၂-၂၀၂၀)နှင့် (၁၀-၁၂-၂၀၂၀)

ရွှေစင်ကို(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊နန်နင်းမြို့)