Main menu

Background

အိန္ဒိယနိုင်ငံ ကာနာတကာပြည်နယ်၌ iPhone စက်ရုံအား ဒေသခံအလုပ်သမားများက အကြမ်းဖက်ဖျက်စီးခဲ့ခြင်း

Wed, 12/16/2020 - 11:36 -- journal_editor

အိန္ဒိယနိုင်ငံ၊ ကာနာတကာပြည်နယ်၊ ကိုလာခရိုင်ရှိ နာရာဆာပူရ (Narasapura) စက်မှုလုပ်ငန်းနယ်မြေတွင် တည်ထောင်ထားသည့် Wistron ကုမ္ပဏီ၏ Apple iPhone အမှတ်တံဆိပ် မိုဘိုင်းဖုန်းတပ်ဆင်ထုတ်လုပ်သည့် စက်ရုံ အဆောက်အဦနှင့် စက်ပစ္စည်းများသည် ၁၂-၁၂-၂၀၂၀ နေ့၌ ဒေသခံအလုပ်သမားများ၏ ဆူပူအကြမ်းဖက်ဖျက်စီးမှုကိုခံခဲ့ရကြောင်း သိရှိရပါသည်။

ထိုင်ဝမ်အခြေစိုက် မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Wistron သည် အိန္ဒိယနိုင်ငံ ၌ iPhone 7 နှင့် iPhone SE လက်ကိုင်ဖုန်းများကို ထုတ်လုပ်တပ်ဆင်၍ Apple ကုမ္ပဏီသို့ ပေးသွင်းလျက်ရှိပါသည်။ ကိုလာခရိုင်ရှိ Wistron ၏စက်ရုံ၌ အလုပ်ချိန်ဆိုင်ရာပြဿနာများနှင့် လုပ်ခလစာများ အပြည့်အဝပေးချေနိုင်ခြင်းမရှိသည့်အပေါ် ဒေသခံအလုပ်သမားက မကျေနပ်ရာမှ ယခုကဲ့သို့ဆူပူအကြမ်းဖက်မှု၊ လုယူမှုနှင့်မီးရှို့ဖျက်စီးမှုတို့ကို ကြုံတွေ့ရ ခြင်းဖြစ် ကြောင်း၊ ကုမ္ပဏီမှထုတ်‌ဖော်ပြောဆိုရာတွင် အဆိုပါစက်ရုံရှိ အဆောက်အဦ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ မိုဘိုင်းဖုန်းတပ်ဆင်ထုတ်လုပ်ရေး စက်ကိရိယာများ၊ မော်တော်ယာဉ်များ၊ ထုတ်လုပ်ဆဲနှင့်ထုတ်လုပ်တပ်ဆင်ပြီးသော iPhone စမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများမှာ လုယက်ဖျက်စီးခြင်း ခံရ ပြီး စုစုပေါင်းတန်ဖိုးအားဖြင့် ရူပီး‌ငွေ ၄၇၃၄ သန်း (အမေရိကန်ဒေါ်လာ ၅၉ သန်းကျော်)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ၎င်းဖြစ်စဉ်၌ ကုမ္ပဏီအလုပ်သမား ၅၀၀၀ ခန့်နှင့် ပြင်ပမှ‌ဒေသခံ ၂၀၀၀ ခန့် ပါဝင်ခဲ့ကြကြောင်းနှင့် Wistron ကုမ္ပဏီအနေဖြင့် ဥပဒေနှင့်အညီလိုက်နာလျက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၏ စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းဖြင့် Hindustan Times သတင်းဌာနက ဖော်ပြပါသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဒေသခံ ၁၄၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားရှိပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ကာနာတကာ ပြည်နယ်အစိုးရက ယခုကဲ့သို့ အကြမ်းဖက်ဖျက်ဆီးမှုအပေါ် ပြစ်တင်ရှုတ်ချ လိုက်ပြီး ပါဝင်ပတ်သက်သူများအား ထိရောက်စွာအရေးယူမည်ဟုပြောကြားခဲ့ကြောင်း၊ ပြည်နယ်အတွင်းရှိနိုင်ငံရေးပါတီများကလည်း ဒေသ၏ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ပုံရိပ်အား ယခုဖြစ်စဉ်ကဆိုးကျိုးသက်ရောက်မှု ရှိမည့် အပေါ် စိုးရိမ်မကင်းဖြစ်လျက်ရှိပြီး စေ့စပ်သေချာစွာ စစ်ဆေးအရေးယူရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ Apple အမှတ်တံဆိပ် iPhone XR နှင့် iPhone 11 မိုဘိုင်းဖုန်းများအား Foxconn ကုမ္ပဏီက တမီနာဒူပြည်နယ်၊ ချန်နိုင်းမြို့ ပတ်ဝန်းကျင်ဒေသ၌လည်းကောင်း၊ iPhone 7 နှင့် iPhone SE တို့ကို  Wistron ကုမ္ပဏီက ကာနာတကာပြည်နယ်၊  ဘန်ဂလောမြို့ အနီးပတ်ဝန်းကျင်ဒေသတွင်လည်းကောင်း စက်ရုံများ တည်ထောင်၍ တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။  လက်ရှိကာလ၌ ကိုလာခရိုင်ရှိ Wistron ၏စက်ရုံတွင် iPhone SE 2020 အမျိုးအစား များကိုသာ ထုတ်လုပ်လျက်ရှိရာ ယခုဖြစ်စဉ်က iPhone စမတ်ဖုန်းဈေးကွက်အပေါ် သက်ရောက်မှု အနည်း ငယ်မျှသာ ဖြစ်ပေါ်နိုင်ကြောင်း မိုဘိုင်းဖုန်းလုပ်ငန်းနယ်ပယ်၌ ပြောဆိုမှုများရှိပြီး  Apple ကုမ္ပဏီကမူ Wistron ကော်ပိုရေး ရှင်းသည် ၎င်းတို့၏ ကုန်ပစ္စည်းထုတ်လုပ်ပေးသွင်းမှုဆိုင်ရာ လုပ်ငန်း လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်ခြင်းရှိမရှိကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောကြား ထားပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. Apple investigating Wistron facility in India after violence, 14 Dec 2020, Hindustan Times

                   2. Wistron says its Bengaluru plant suffered losses to the tune of Rs 437.70 crore, 14 Dec 2020, Hindustan Times

                   3. Apple to have minor impact on iPhone production due to violence at Wistron plant, 14 Dec 2020, Hindustan Times