Main menu

Background

အိန္ဒိယနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွက် အထွေထွေကုန်ထုတ်လုပ်မှုအညွှန်းကိန်းတိုးတက်လာခြင်း

Thu, 12/17/2020 - 10:48 -- journal_editor

အိန္ဒိယနိုင်ငံ၌ လူသုံးကုန်များ၊ အခြေခံအဆောက်အအုံပစ္စည်းများနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတို့ သိသာစွာတိုးတက်လာမှုနှင့်အတူ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလ၏ ကုန်ထုတ်လုပ်မှု အခြေအနေမှာလည်း ရှစ်လတာအတွင်း ဒုတိယအကြိမ် တိုးတက်မှုရရှိသည့် လအဖြစ်တွေ့ရှိရပါသည်။

အိန္ဒိယနိုင်ငံ အမျိုးသားစာရင်းအင်းဌာန၏ ၁၁-၁၂-၂၀၂၀ နေ့ သတင်းထုတ်ပြန်ချက်အရ အခြေခံနှစ် (၂၀၁၁-၁၂ = ၁၀၀) ဖြင့် တွက်ချက်သည့် အထွေထွေ ကုန်ထုတ်လုပ်မှု အညွှန်းကိန်း (Index of Industrial Production) သည် အောက်တိုဘာလ၌ ၁၂၈ ဒသမ ၅ ရရှိပြီး ၃ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလ၌ ဖြစ်ပေါ်ခဲ့သော IIP အညွှန်းကိန်းတိုးတက်မှုနှုန်း အနှုတ် ၆ ဒသမ ၆ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက သိသာစွာ တိုးတက် မှုရရှိခြင်းဖြစ်ကြောင်း၊ ယခုနှစ် အောက်တိုဘာလ အတွက် IIP အညွှန်းကိန်းမှာ သတ္တုတွင်းကဏ္ဍ၌ ၉၈.၀ ဖြစ်ပြီး တိုးတက်မှု အနှုတ် ၁ ဒသမ ၅ရာခိုင်နှုန်း ဖြစ်ပေါ် ခဲ့သော်လည်း ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အညွှန်းကိန်း ၁၃၀ ဒသမ ၇ (တိုးတက်မှုနှုန်း ၃ ဒသမ ၅ရာခိုင်နှုန်း) နှင့် လျှပ်စစ်ကဏ္ဍ၌ အညွှန်းကိန်း ၁၆၂ ဒသမ ၂ (တိုးတက်မှုနှုန်း ၁၁ ဒသမ ၂ ရာခိုင်နှုန်း) အသီးသီး ရရှိခဲ့ကြောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍအောက်ရှိ ကြာရှည်ခံလူသုံးကုန်ထုတ်လုပ်မှု၊ အရေးကြီး စားသောက်ကုန်အပါအဝင် ကြာရှည်အသုံးမခံသော ကုန်ပစ္စည်းများထုတ်လုပ်မှုနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးကုန်ပစ္စည်းထုတ်လုပ်မှုတို့ရှိ IIP အညွှန်းကိန်း တိုးတက်မှုမှာ ၁၇ ဒသမ ၆ ရာခိုင်နှုန်း၊ ၇ ဒသမ ၅ရာခိုင်နှုန်းနှင့် ၇ ဒသမ ၈ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးအခြေအနေကို အကဲဖြတ်တိုင်းတာရာတွင်ပါဝင်သည့် ကုန်စည်ပို့ဆောင်မှုဆိုင် ရာ E-way Bill များ၊ ကုန်စည်နှင့် ဝန်ဆောင်မှု အခွန်ကောက်ခံရရှိမှုများ၊ မော်တော်ယာဉ်ရောင်းချရမှုများ စသည်တို့၌ တိုးတက်လာမှုနှင့်အတူ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့သော အချက်အလက် များက COVID-19 ကပ်ရောဂါကြောင့် ပုံပျက်ယွင်းခဲ့သည့် စီးပွားရေးလုပ်ဆောင်မှုများမှာ ပုံမှန်အခြေအနေသို့ရောက်ရှိရန် ဦးတည်စပြုလာသည်ကို ညွှန်ပြလျက်ရှိကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ IIP အညွှန်းကိန်းတိုးတက်ခြင်းမှာ ဒီပါဝလီပွဲတော်မတိုင်မီ ဝယ်လိုအားများမြင့်တက်မှုနှင့် ယခင်နှစ်ကာလတူ၌ ဖြစ်ပေါ်ခဲ့သော နိမ့်ကျသည့် အညွှန်းကိန်းများအပေါ် အခြေခံလျက်ရှိပြီး ယင်းသို့သောအခြေ အနေမှာ တည်တံ့မှုမရှိသည်ကို စီးပွားရေးပညာရှင်များက ဝေဖန်ထောက်ပြကြကြောင်း၊ ICRA Ratings စီးပွားရေးအကဲဖြတ်လုပ်ငန်းမှ ပညာရှင် Ms. Aditi Nayar က အိန္ဒိယ ၏ ၂၀၂၀ ပြည့်နှစ်အောက်တိုဘာလအတွက် အထွေထွေ ကုန်ထုတ်လုပ်မှုအညွှန်းကိန်းသည် ၎င်းတို့ ခန့်မှန်းထားသည့် တိုးတက်မှုနှုန်း ၅ ဒသမ ၅ရာခိုင်နှုန်း သို့ မရောက်ရှိဘဲနေခဲ့ပြီး နိုဝင်ဘာလ၌ ယခုထက်တိုးတက်မှုနှုန်းမှာ လျော့ကျဖွယ်ရှိသည်ဟုပြောဆိုကြောင်း၊ India Ratings မှ စီးပွားရေးပညာရှင် Mr. Sunil Kumar Sinha ကလည်း အိန္ဒိယ၏ စီးပွားရေးအခြေအနေသည် ပြန်လည်နာလန်ထူမှုလမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဟုမဆိုနိုင်ဘဲ သတိပြုစောင့်ကြည့်ရန်လိုအပ်နေဆဲဖြစ်သည်ဟု ပြောကြား ကြောင်းဖြင့် Business Standard သတင်းဌာနက ရေးသားဖော်ပြပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. IIP grows 3.6% in Oct, fastest in 8 months, 12 Dec 2020, Business Standard

                   2. Quick Estimates of Index of Industrial Production and Use-Based Index for the Month of October, 2020 (Base 2011-12=100), 11 Dec 2020, Press Information Bureau of India