Main menu

Background

စင်ကာပူနှင့် အမေရိကန် နှစ်နိုင်ငံအကြား Trade Financing နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Thu, 12/17/2020 - 15:27 -- journal_editor

စင်ကာပူနှင့် အမေရိကန်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအထောက်အကူပြုရေးလုပ်ငန်းများနှင့် ကုန်သွယ်ရေးအထောက်အကူပြုငွေရေးကြေးရေးပိုင်းဆိုင်ရာဝန်ဆောင်မှုပေးခြင်း (Trade Financing) လုပ်ငန်းများတွင် ပူးပေါင်းဆောင် ရွက်သွားကြရန် နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၆ - ၁၂ - ၂၀၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

 အဆိုပါ MoU ကို အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဌာန၏ အတွင်းဝန် Wilbur Ross နှင့် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Chan Chun Sing တို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။ MoU ၏ သက်တမ်းမှာ (၂)နှစ်ဖြစ်ပြီး၊ ပြန်လည်သက်တမ်း တိုးမြှင့်နိုင်ကြောင်း၊ ကိုဗစ် ၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းနေ သောကာလတွင် လုပ်ငန်းများအနေဖြင့် Trade Financing ဝန်ဆောင်မှုများကို ပိုမိုရရှိပြီး နှစ်နိုင်ငံကုန်သွယ်မှုအပေါ် အထောက်အကူပြုလာစေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် ရည်ရွယ်ကြောင်း သိရပါသည်။

လက်ရှိတွင် အမေရိကန်သည် စင်ကာပူတွင် အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသောနိုင်ငံဖြစ်ပြီး၊ စင်ကာပူနိုင်ငံသည် အမေရိကန်တွင်ရင်းနှီးမြှုပ်နှံနေကြသည့် အာရှနိုင်ငံများအနက် စတုတ္ထမြောက်အများဆုံးရင်းနှီးမြှုပ်နှံ သူဖြစ်ပါသည်။

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

မြတ်နိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့