Main menu

Background

အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ကုန်စည်တင်ပို့မှုတန်ဖိုးနိုဝင်ဘာလ၌ ဆက်လက်ကျဆင်းခဲ့ခြင်း

Fri, 12/18/2020 - 10:47 -- journal_editor

အိန္ဒိယကူးသန်းရောင်းဝယ်‌ရေးနှင့် စက်မှုဝန်ကြီးဌာနက ၁၅-၁၂-၂၀၂၀ နေ့၌ ထုတ်ပြန်ခဲ့ သော ပြည်ပကုန်သွယ်မှု အချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၅၂ ဘီလီယံ ရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံ လျော့နည်းလျက် တိုးတက်မှု အနှုတ် ၈ ဒသမ ၇၄ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့ ကြောင်း တွေ့ရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါတားဆီးထိန်းချုပ်မှုများ ဆောင်ရွက်ခဲ့သည့် နောက်ပိုင်းစက်တင်ဘာလတွင်သာ ပြည်ပပို့ကုန်ကဏ္ဍ၌ ၆ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့ပြီး အောက်တိုဘာလတွင် အနှုတ် ၅ ဒသမ ၁ ရာခိုင်နှုန်း သို့ ကျဆင်းခဲ့သည်။ အစိုးရ၏ စာရင်းများအရ ပို့ကုန်ကဏ္ဍ၌ အခြားနှံစားသီးနှံများ၊ သံသတ္တုရိုင်း၊ ဆန်၊ ကြွေထည်ဖန်ထည်၊ ကော်ဇော၊ လက်မှုအနုပညာပစ္စည်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းများစသည်တို့ကို ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ရေနံထွက်ကုန်၊ သားရေထည်၊ ပလတ်စတစ်၊ သီဟိုဠ်စေ့၊ ရေထွက်ကုန်ပစ္စည်း၊ ဓာတုပစ္စည်းများနှင့် အင်ဂျင်နီယာလုပ်ငန်းသုံးပစ္စည်းများ တင်ပို့မှုလျော့နည်းခဲ့ကြောင်း တွေ့ရှိရသည်။

သွင်းကုန်ကဏ္ဍတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ ဓာတုပစ္စည်းများ၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပဲမျိုးစုံစသည်တို့ကို ပိုမိုတင်သွင်းလျက် ရေနံထွက်ကုန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာ များ၊ ကျောက်မီးသွေးနှင့် ကျောက်မျက်ရတနာများကိုလျော့နည်း၍ တင်သွင်းခဲ့ကြောင်းတွေ့ရှိရသည်။ နိုဝင်ဘာလ၌ သွင်းကုန်တန်ဖိုး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၃၉ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ် ပါက တိုးတက်မှုနှုန်းအနှုတ် ၁၃ ဒသမ ၃၂ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့သည်။ ရေနံထွက်ကုန်ပစ္စည်းတင်သွင်းမှုမှာ ဒေါ်လာ ၆ ဒသမ ၂၇ ဘီလီယံရှိပြီး ၂၀၁၉ နိုဝင်ဘာလ၌ တင်သွင်းမှုတန်ဖိုးအောက် ၄၃ ဒသမ ၃၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ရေနံနှင့်ရွှေမဟုတ်သော ကုန်စည်များအား ယခင်နှစ် ကာလတူပမာဏနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၆၇ ရာခိုင်နှုန်းလျော့ချလျက် ဒေါ်လာ ၂၄ ဒသမ ၁ ဘီလီယံ တန်ဖိုး တင်သွင်းခဲ့သည်။

 ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း အိန္ဒိယ၏ကုန်စည်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၉၁ ဘီလီယံရှိပြီး ကုန်သွယ်မှုလိုငွေဒေါ်လာ ၉ ဒသမ ၈၇ ဘီလီယံ ဖြစ်ပေါ်ခဲ့သည်။ ၎င်းလိုငွေပြမှုမှာ ၁၀ လတာအတွင်း အများဆုံးဖြစ်သော်လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ ဖြစ်ပေါ် သည့် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁၂ ဒသမ ၇၅ ဘီလီယံအောက် ၂၂ ဒသမ ၅၇ ရာခိုင်နှုန်းလျော့ချနိုင်ခဲ့သည်။

ကုန်သွယ်ဘက်နိုင်ငံများ၌ Covid-19 ရောဂါကာကွယ်ဆေးဆောလျင်စွာရရှိနိုင်မည်ဟု  အပြုသဘောဆောင်ရှုမြင်မှုထက် ကန့်သတ်ချက်အသစ်များ ချမှတ်ဆောင်ရွက်ရန် ပိုမိုအလေးသာလျက်ရှိခြင်းက နိုဝင်ဘာလအတွင်း အိန္ဒိယ နိုင်ငံ၏ ရေနံမဟုတ်သောကုန်စည်များ တင်ပို့မှုကျဆင်းခြင်းကို ဖြစ်ပေါ်စေကြောင်း ICRA Ratings မှ စီးပွားရေးပညာရှင် Ms. Aditi Nayar က ပြောဆိုပါသည်။ ထို့အပြင် ဒီဇင်ဘာလ၌ ကုန်ဆုံးမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ သုံးလပတ်၏ ကုန်သွယ်ရေးလိုငွေပြမှုမှာ ဒုတိယသုံးလပတ်ထက်နှစ်ဆခန့်ပိုမိုဖွယ်ရှိကြောင်း ICRA က ခန့်မှန်းလျက်ရှိသည်။

သို့ရာတွင် EXIM Bank ၏ အထွေထွေမန်နေဂျာချုပ် Mr. Prahalathan Iyer က အဓိက ပို့ကုန်ဈေးကွက်များ၌ ခရစ်စမတ်နှင့် နှစ်သစ်ကူးပွဲတော်ရာသီကာလ ဝယ်လိုအားများ မြင့်တက် မှုအရ အိန္ဒိယ၏ ဒီဇင်ဘာလ ပို့ကုန်တန်ဖိုးမှာ တိုးတက်မှုရရှိမည်ဟု ရှုမြင်လျက်ရှိသည်။ အိန္ဒိယ ပို့ကုန်လုပ်ငန်းရှင်များ အသင်းချုပ် (FIEO) ၏ ဥက္ကဋ္ဌ Mr. Sharad Kumar Saraf ကမူ အစိုးရ အနေဖြင့် ကုန်စည်ပို့ဆောင်ရန် လုံလောက်သော ကွန်တိန်နာများရရှိရေးနှင့် သယ်ယူ ပို့ဆောင်မှုစရိတ်များ သက်သာမှုရရှိစေရေးတို့အတွက် လိုအပ်သော စီမံဆောင်ရွက်မှုများပြုလုပ်ရန်၊ MEIS အစီအစဉ်အရ ပို့ကုန်ဆိုင်ရာ အကျိုးခံစားခွင့်များနှင့်ပတ်သက်၍ ဖြေလျော့မှုပြုရန်နှင့် ၎င်းအစီအစဉ်နေရာ၌ အစားထိုးမည့် ပို့ကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်ပြုမည့် အစီအမံ (Remission of Duties or Taxes on Export Products - RoDTEP) ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းပြောကြားပါသည်။

 နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:         1. India’s Foreign Trade: November 2020, 15 Dec 2020, Press Information Bureau of India

                   2. Exports decline 8.74% in November, 16 Dec 2020, Economic Times

                   3. Exports decline for 2nd month in a row, 16 Dec 2020, Business Standard