Main menu

Background

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဆန်တင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း လျှော့ချ

Mon, 01/25/2021 - 16:03 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြည်တွင်း၌ ဈေးနှုန်းမြင့်တက် မှုကို ထိန်းသိမ်းရန်နှင့် အရန်ဆန်ဖူလုံမှုကို တိုးမြှင့်ရန်အတွက် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့်   သွင်းကုန်အခွန်အား ၆၅ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်းသို့   လျှော့ချမည်ဖြစ်သည်ဟု ဘင်္ဂလား ဒေ့ရှ် စားနပ်ရိက္ခာဝန်ကြီး Mr. Sadhan Chandra Majumdar က ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့ သည်။ ဘင်္ဂလားဒေ့ရှ်ဆန်စပါးသုတေသနဌာန၏စာရင်းများ အရ ၂၀၁၉ ခုနှစ်တွင်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆန်တန်ချိန် ၅၄၆ သိန်းခန့် ထုတ်လုပ်ခဲ့သော်လည်း ယခုနှစ်  သီးနှံစိုက် ပျိုးရေးရာသီ၌ ရေကြီးမှုများကြောင့် ဆန်တန်ချိန် ၁၅ သိန်း ခန့် ထုတ်လုပ်မှုလျော့ကျခဲ့ကြောင်း၊ သို့ဖြစ်ရာ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယခုဘဏ္ဍာနှစ်အတွင်း ဘာစမာတီ မဟုတ်သော ဆန်များအား  တန်ချိန်ငါးသိန်းအထိ တင်သွင်းဖွယ်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး Mr. Majumdar က အစိုးရသည် စားသုံး သူများနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ထိခိုက်မှုမဖြစ်အောင် ဆန်တင်သွင်းမှုအား ကြပ်မတ်လုပ် ဆောင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက် နောက်ပိုင်း မှစ၍ ဆန်ကုန်သည်များသို့ သွင်းကုန်လိုင်စင်များချထားပေး မည်ဟုပြောဆိုကြောင်း၊ အိန္ဒိယဆန်တင်ပို့သူ လုပ်ငန်းရှင်များ အသင်း (AIREA) အမှုဆောင်ညွှန်ကြားရေးမှူး  Mr. Vinod Kaul က အိန္ဒိယကုမ္ပဏီနှစ်ခု သည်  ဘင်္ဂလားဒေ့ရှ်သို့ ဆန် တန်ချိန် တစ်သိန်းတင်ပို့ရန် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သကဲ့သို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် အစိုးရချင်းသဘောတူညီမှုဖြင့် ဆန်တန်ချိန် ၂ ဒသမ ၅ သိန်းကို ဝယ်ယူမည်ဖြစ်သည်ဟုပြော ကြားကြောင်း၊ ကျန်ရှိသော ဆန်တန် ချိန် ၁ ဒသမ ၅ သိန်းကို ပုဂ္ဂလိက ကုန်သည်များမှတစ်ဆင့် ဝယ်ယူတင်သွင်းဖွယ်ရှိ ကြောင်းဖြင့် အိန္ဒိယသတင်းဌာနများက ဖော်ပြသည်။
လက်ရှိကာလတွင် IR64 အမျိုးအစား ဆန်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်၌  ရူပီးငွေ ၄၀ ခန့်ရှိပြီး အိန္ဒိယနိုင်ငံ၌ ဘာစမာတီမဟုတ်သော ဆန်များ အား အများဆုံးစိုက်ပျိုးထုတ်လုပ်ရာ  အနောက်ဘင်ဂယ်လ် ပြည်နယ်၌ ၂၄ ရူပီးခန့်သာ ကျသင့်သဖြင့် ယင်းဒေသရှိ ဆန်တင်ပို့သူ ကုန်သည်များအနေဖြင့် အကျိုးဖြစ်ထွန်းမှု ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
                                      

နေအေးလွင်၊ စီးပွားရေးသံမှူး