Main menu

Background

ကိုရီးယားနိုင်ငံအခြေစိုက် Celltrion Co., Ltd. ကိုဗစ်(၁၉) ကုသဆေး အတည်ပြုချက်ရရှိရန် စီစဉ်နေ

Tue, 01/26/2021 - 15:00 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံ  အခြေစိုက် Celltrion Co., Ltd. သည် ၎င်း၏ COVID-19 ကုသဆေးကုထုံးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း စတင် နိုင်ရန်စီစဉ်နေပြီး   ကူးစက်မှုနှုန်း ပိုမို မြင့်မား လျင်မြန်သောကြောင့် ပြည်သူ များကြောက်ရွံ့ နေကြသည့် COVID-19 ကူးစက်ရောဂါမျိုးစိတ်အသစ်ကို တိုက် ဖျက်နိုင်လိမ့်မည်ဟု မျှော်လင့်ထား သည်။ ကိုရီးယားသမ္မတနိုင်ငံ၊ အစားအစာနှင့် ဆေးဝါးအန္တရာယ်  ကင်းရှင်း ရေးဝန်ကြီးဌာန (Ministry of Food & Drug Safety) မှ CT-P59 ထိုးဆေးဖြင့် ကုသမှုကို   အကန့်အသတ်ဖြင့်သာ ခွင့်ပြုကြောင်းကို ကုမ္ပဏီက ပြောကြား ခဲ့ကြောင်း၊ Conditional Approval ဆိုသည်မှာကူးစက်ရောဂါအတွက် အခြားသောကုထုံးများမရှိပါက အဆင့်(၂) လက်တွေ့စမ်းသပ်မှုများ  ပြီးဆုံးသည့် ဆေးအသစ်ကို အခြေအနေအရ အတည်ပြုပေးခြင်းဖြစ်ကြောင်း၊ တစ်ဆက်တည်းတွင် ဆေးဝါးထုတ်လုပ်သူ အနေဖြင့် လက်တွေ့စမ်းသပ်မှုအဆင့်အားလုံးပြီးမြောက်စေရန်  ဆက်လက် လုပ်ဆောင်ရန်လိုအပ်ကြောင်း လေ့လာ သိရှိရသည်။
သက်ဆိုင်ရာဝန်ကြီးဌာနအနေ ဖြင့် COVID-19 ကာကွယ်/ကုသဆေးအား  စစ်ဆေးသုံးသပ်ခြင်းဆိုင်ရာ ရက်သတ်မှတ်ချက်ကို ၁၈၀ ရက်မှ ၄၀ ရက်သို့‌ လျှော့ချကြောင်း ကြေညာခဲ့ရာ ကုသဆေးသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါ ရီလ  နှောင်း ပိုင်းတွင် ခွင့်ပြုချက် ရရှိ၍ ကုသပေးခွင့်ရနိုင်မည်ဟု Celltrion Co., Ltd. က မျှော်လင့်ထားသည်။ အဆင့်(၂) စမ်းသပ်ခြင်းကို တောင်ကိုရီးယားနိုင်ငံ၊ ရိုမေးနီးရား နိုင်ငံ၊စပိန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ တွင် လူနာပေါင်း ၃၂၇ ဦးဖြင့် စမ်းသပ်ခဲ့ပြီး နောက်ဆုံးအဆင့်  ကုသ ဆေးထိုးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၅ ရက်တွင် ဆောင်ရွက်ခဲ့ကြောင်း၊ Celltrion Co., Ltd. အနေဖြင့်စမ်းသပ်မှု အဆင့်အားလုံးပြီးစီးသည်နှင့် တောင်ကိုရီးယား ပြည်တွင်းအတည်ပြုချက် ရရှိရန်  သက်ဆိုင်ရာသို့  တင်ပြရမည့် အချက်အလက်နှင့် စမ်းသပ်မှုမှတ်တမ်း များကို ပြည့်စုံစွာ ပြုစုတင်ပြထားပြီး ဖြစ်သည်။
Celltrion သည် COVID-19 ကုသဆေး ပြည်တွင်းခွင့်ပြုချက်အတည် ပြုမှုကိုရရှိခဲ့ပါက လက်ရှိ Eli Lilly နှင့် Regeneron တို့ပြီးလျှင်  COVID-19 Antibody ကုသမှုကို ဆောင်ရွက်နိုင် သည့် ကမ္ဘာ့တတိယကုမ္ပဏီဖြစ်လာမည် ဖြစ်သည်။ Celltrion က ထုတ်လုပ်သော ဆေးသည် COVID-19 အပျော့စား လက္ခဏာများမှစ၍  COVID-19 ရောဂါအမျိုးအစားအားလုံးကို ကုသ နိုင်မည်ဖြစ်ကြောင်း   ၂၈-၁၂-၂၀၂၀ ရက်တွင် ပြုလုပ်ခဲ့သည့်   ဆွေးနွေးပွဲ တစ်ရပ်တွင် Celltrion  ၏ဒုတိယဥက္ကဋ္ဌ Kee Woo-sung က  ထုတ်ဖော်ပြော ကြားခဲ့သည်။

 

ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)