Main menu

Background

COVID-19 “Vaccination Passport” အတွက် ဥပဒေဆိုင်ရာအဆိုပြုချက်ကို ဥရောပကော်မရှင်က မတ်လတွင် တင်သွင်းမည်

Tue, 03/16/2021 - 09:02 -- journal_editor

 ဥရောပကော်မရှင်အနေဖြင့် ဒစ်ဂျစ်တယ် vaccination passport အတွက် ဥပဒေပိုင်း အဆိုပြုချက်တစ်ရပ်ကို မတ်လအတွင်း တင်သွင်းသွားမည်ဟု ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen က ပြီးခဲ့သည့် မတ်လ (၁) ရက်နေ့က ကြေညာခဲ့သည်။ ယင်းအဆိုပြုချက်တွင် “Digital Green Pass” ခေါ် ဥရောပပတ်စ်ပို့မှာ မည်ကဲ့သို့သောပုံစံရှိမည်ကို  ရှင်းလင်းစွာ ထည့်သွင်းဖော်ပြ မည်ဟု သိရသည်။ vaccination passport အသုံးပြုမှုသည် ခရီးသွားလာမှုပိုမိုဘေးကင်း လုံခြုံစေ ရေးကိုအထောက်အကူပြုနိုင်ခြင်းအပေါ် ဥရောပနိုင်ငံများ၏ အစိုးရခေါင်းဆောင်များက သဘောတူ ထားကြပြီး၊ ယင်းပတ်စ်ပို့သည် ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် အထူးအခွင့်အရေးတစ်စုံ တစ်ရာပေးထားခြင်းမျိုးမရှိစေရေးကိုလည်း ၎င်းတို့က အလေးထားပြောကြားကြသည်။

            နိုင်ငံ၏ စီးပွားရေးသည် ခရီးသွားလုပ်ငန်းအပေါ် များစွာမှီခိုနေကြရသည့် စပိန်နိုင်ငံ၊ အီတလီ နိုင်ငံနှင့် ဂရိနိုင်ငံတို့အနေဖြင့် ယင်း vaccination passport ခေါ် ခရီးသွားလာခွင့်လက်မှတ်အပေါ် များစွာမျှော်လင့်ချက်ထားနေကြခြင်းဖြစ်သည်။ အဆိုပါ ခရီးသွားလက်မှတ်သည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူများအတွက် သက်သေခံလက်မှတ်အဖြစ်လည်းကောင်း၊ ကာကွယ်ဆေး မထိုးရသေးသူများအတွက် ကိုဗစ်-၁၉ ကင်းရှင်းကြောင်း စစ်ဆေးအတည်ပြုထားသည့် လက်မှတ် အဖြစ်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါမှ ပြန်လည်နာလန်ထူလာ ခြင်းဆိုင်ရာ သတင်းအချက်အလက်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen ၏ အဆိုအရ သိရသည်။ ယင်းခရီးသွားလာခွင့်လက်မှတ်သည် ပုဂ္ဂိုလ်ရေး အချက်အလက်များလုံခြုံမှုကို အကာအကွယ်ပေးထားမည်ဖြစ်ကြောင်းနှင့် ယင်းလက်မှတ်ကြောင့် ဥရောပနိုင်ငံသားများ၏ နေထိုင်မှုဘဝကို လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း၊ ယင်းကို အသုံးပြုရ သည့်ရည်ရွယ်ချက်မှာ အီးယူဒေသအတွင်းနှင့် ပြည်ပသို့ ဘေးကင်းလုံခြုံစွာဖြင့် ခရီးသွားလာမှု များကို တဖြည်းဖြည်းချင်းဆောင်ရွက်နိုင်စေလိမ့်မည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

            vaccination passport အတွက် လိုအပ်သော နည်းပညာပိုင်းကြိုတင်ပြင်ဆင်မှုများကို အပြန်အလှန်မျှဝေသွားကြရန်နှင့် အနည်းဆုံးအနေဖြင့် ဥရောပ၏ နွေရာသီကာလတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုအချက်အလက်များကိုဖလှယ်ကြရန် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရ ခေါင်းဆောင်များအကြား သဘောတူညီခဲ့ကြကြောင်းသိရသည်။ အီးယူတစ်ခုလုံးအဆင့်တွင် နိုင်ငံ အလိုက် မတူညီသည့် နည်းပညာဆိုင်ရာစနစ်များအကြား အပြန်အလှန်ဖလှယ်၍ သတင်းအချက် အလက်များကို အသုံးပြုနိုင်စေမည့်နည်းလမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း Ursula von der Leyen ကဆိုသည်။ အဆိုပါ vaccination passport အစီအစဉ်ကို အီးယူခေါင်းဆောင်များစွာက ထောက်ခံ ကြသော်လည်း ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Alexander De Croo ကမူ ၎င်းစနစ်ကို အဆော တလျင် ဆောင်ရွက်ခြင်းမျိုး မပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ရင်းမြစ် -  (The Brussels Times)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့