Main menu

Background

၂၀၂၁ ခုနှစ်၊ ပထမသုံးလပတ်တွင် ဘယ်လ်ဂျီယံ၏ စီးပွားရေးလုပ်ငန်းများ (၀.၅) ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားခြင်း

Tue, 03/16/2021 - 09:12 -- journal_editor

ဘယ်လ်ဂျီယံနိုင်ငံ၏ ဂျီဒီပီမှာ ၂၀၂၀ ပြည့်နှစ်၏ စတုတ္ထသုံးလပတ်တွင် (၀.၁) ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ပြီး၊ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သည့်အခြေအနေဖြစ်ခဲ့ကြောင်း၊ အဆိုပါအခြေ အနေမှာ ဗြိတိန်ခွဲထွက်မှုကိစ္စရပ် (Brexit) အတွက် ပြင်ဆင်သည့်အနေဖြင့် ကုန်စည်များကြိုတင် စုဆောင်းဝယ်ယူမှု၏ သက်ရောက်မှုကြောင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်ကို တွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့ခြင်း (stockpiling effect) မှာလည်း အဓိကအကြောင်းအရင်း တစ်ရပ် ဖြစ်နိုင်ကြောင်း၊ အဆိုပါ သက်ရောက်မှုမှာ ယာယီသာဖြစ်ခြင်းကြောင့် ၂၀၂၁ ခုနှစ်၏ ပထမသုံးလပတ်တွင် စီးပွားရေး တိုးတက်မှု လျော့ကျစေလိမ့်မည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံအမျိုးသားဘဏ်အရ သိရသည်။

            ဘယ်လ်ဂျီယံအမျိုးသားဘဏ်အနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍစားသုံးမှုသည် ၂၀၂၁ ခုနှစ်၊ ပထမသုံးလပတ်တွင် ပြန်လည်နာလန်ထူလာမည်ဟု မျှော်လင့်ထားသော်လည်း တစ်စိတ်တစ်ပိုင်းနိုးထမှုအနေဖြင့်သာ ဆက်လက်ရှိနေမည်ဖြစ်သည်ဟုဆိုသည်။ စားသုံးသူ ယုံကြည်မှုအပိုင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီကာလအဆင့်သို့ ချဉ်းကပ်လာနေပြီး၊ ပုဂ္ဂလိက ကဏ္ဍစားသုံးမှုဆိုင်ရာ အခြေခံများမှာ ခိုင်မာနေဆဲဖြစ်သော်လည်း စားသုံးမှုကိုအကန့်အသတ် ဖြစ်စေသည့် ဗိုင်းရပ်စ်ထိန်းချုပ်ရေးကန့်သတ်ချက်များမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် ရောဂါကူးစက်နိုင်ခြေအပေါ် စိုးရိမ်မှုများဆက်လက်ရှိနေခြင်းနှင့် အစိုးရ၏ အထောက်အပံ့ အစီအမံများရပ်ဆိုင်းပြီးနောက် လုပ်သားဈေးကွက် မသေချာမရေရာမှုဖြစ်ပေါ်နိုင်သဖြင့် ကြိုတင် စုဆောင်းမှုများ ရှိနေခြင်းကလည်း စားသုံးသူဝယ်လိုအားကို လျော့ကျစေဖွယ်ရှိကြောင်း ၎င်းဘဏ် က ဆိုသည်။

            ၂၀၂၁ ခုနှစ်၏ ပထမသုံးလပတ်တွင် စီးပွားရေးလုပ်ငန်းရင်းနှီးမြှုပ်နှံမှုပိုင်း တိုးတက်မှုရှိမည် ဟုမျှော်လင့်ထားကြောင်း၊ အစိုးရပိုင်းမှရင်းနှီးမြှုပ်နှံမှုနှင့် အိုးအိမ်များရင်းနှီးမြှုပ်နှံမှုတို့ကို ဆက်လက် တိုးချဲ့ဆောင်ရွက် သင့်ကြောင်း သိရသည်။ သို့ရာတွင် အသားတင်ပို့ကုန်တင်ပို့မှုမှ ဂျီဒီပီ တိုးတက်မှု အပေါ် ထည့်ဝင်အကျိုးပြုမှုသည် ယခုနှစ်၏ ပထမသုံးလပတ်တွင် အနှုတ်လက္ခဏာဖြင့်သာရှိနေ မည်ဟု ခန့်မှန်းထားပါသည်။ ယင်းမှာ ဘယ်လ်ဂျီယံ နိုင်ငံ၏ ပို့ကုန်ကဏ္ဍအပေါ် ဗြိတိန်နိုင်ငံ၏ Brexit အကြို ကုန်စည်စုဆောင်းမှု၏ ယာယီသက်ရောက်မှု မရှိတော့ခြင်းနှင့် ပြည်တွင်းဝယ်လိုအား ပြန်လည်တိုးတက်လာသဖြင့် သွင်းကုန်ပြန်လည် တိုးတက်လာနိုင်ဖွယ်ရှိသည့် အချက် တို့ကြောင့် ဖြစ်ကြောင်းသိရသည်။ အဆိုပါအချက်များအပေါ် အခြေခံ၍ ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးလုပ်ငန်း များသည် ၂၀၂၁ ခုနှစ်၊ ပထမသုံးလပတ်တွင် (၀.၅) ရာခိုင်နှုန်း တိုးတက်မည်ဟု ဘယ်လ်ဂျီယံအမျိုးသားဘဏ်က ခန့်မှန်းထားခြင်းဖြစ်ပါသည်။

ရင်းမြစ် - (National Bank of Belgium)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့