Main menu

Background

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထွက်ရှိနိုင်မှု ခန့်မှန်းချက်စာရင်းများအား အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ခြင်း

Tue, 03/16/2021 - 09:31 -- journal_editor

အိန္ဒိယ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီးဌာနသည် ပြည်တွင်း၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထွက်ရှိနိုင်မှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ သီးနှံ စိုက် ပျိုးရေးနှစ်အတွက် အပြီးသတ် ခန့်မှန်းချက်နှင့် ၂၀၂၀-၂၀၂၁ သီးနှံစိုက်ပျိုးနှစ်အတွက် ပထမ အကြိမ် ခန့်မှန်းချက်တို့ကို ၈-၃-၂၀၂၁ နေ့၌ ထုတ်ပြန်ခဲ့ပါသည်။

          အဆိုပါသတင်းထုတ်ပြန်ချက်အရ ၂၀၁၉-၂၀၂၀ သီးနှံစိုက်ပျိုးရေးနှစ်အတွင်း သစ်သီးဝလံ နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးမှုမှာ ဧရိယာဟက်တာ ၂၆.၄၆ သန်းရှိပြီး ယခင်နှစ်ကထက် ၃.၁၂% ပိုမိုတိုးတက်လျက် သီးနှံတန်ချိန် စုစုပေါင်း ၃၂၀.၇၇ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊  သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပန်းမန်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ ထုတ်လုပ်မှုမှာ တိုးတက်မှု ရှိပြီး လက်ဖက်၊ ကော်ဖီကဲ့သို့သော ခြံစိုက်သီးနှံများနှင့် အမွှေးနံသာနှင့် ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၈-၁၉ ခုနှစ်အောက် လျော့နည်းခဲ့ကြောင်း သိရှိရသည်။

          ၂၀၁၉-၂၀ ခုနှစ်အတွင်း သစ်သီးဝလံထုတ်လုပ်မှုမှာ တန်ချိန် ၁၀၂.၀၃ သန်းရှိပြီး ယခင်နှစ် ထက် တန်ချိန် ၄.၀၆ သန်း ပိုမိုကြောင်း၊ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၈-၁၉ ခုနှစ်ကထက် တန်ချိန် ၅.၇၄ သန်း ပိုမို လျက် စုစုပေါင်းတန်ချိန် ၁၈၈.၉၁ သန်း ထွက်ရှိခဲ့ကြောင်း၊ အလားတူ ၂၀၁၉-၂၀ ခုနှစ် ကြက်သွန်နီ စိုက်ပျိုးမှုမှာလည်း တိုးတက်ခဲ့ရာ တန်ချိန် ၂၆.၀၉ သန်း အထိ ထွက်ရှိသည်ဟု ခန့်မှန်းရပြီး ယခင်နှစ်ထက် တန်ချိန် ၃.၂၇ သန်း ပိုမို ကြောင်း၊ သို့ရာတွင် အာလူး စိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၈-၁၉ ခုနှစ်အောက် တန်ချိန် ၁.၆၃ သန်းခန့် လျော့ကျလျက် ၂၀၁၉-၂၀ ခုနှစ်၌ တန်ချိန် ၄၈.၅၆ သန်းခန့်သာ ထွက်ရှိခဲ့သည်ဟု ခန့်မှန်းရကြောင်းဖြင့် ၎င်း သတင်း ထုတ်ပြန် ချက်၌ ဖော်ပြပါရှိသည်။

          အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၀-၂၀၂၁ သီးနှံစိုက်ပျိုးနှစ်အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထွက်ရှိနိုင်မှုမှာ ၂၀၁၉-၂၀ အပြီးသတ်ခန့်မှန်းစာရင်းထက် တန်ချိန် ၅.၈၁ သန်း (တိုးတက်မှု ၁.၈၁%) ပိုမို လျက် စုစုပေါင်းတန်ချိန် ၃၂၆.၅၈ သန်းအထိ ထုတ်လုပ် ရရှိရန် မျှော်မှန်းထားကြောင်း ပထမအကြိမ် ကနဦးခန့်မှန်းချက်၌ ဖော်ပြထားသည်။

          ၂၀၂၀-၂၁ ခုနှစ်အတွင်း ဟင်းခတ်အမွှေးအကြိုင်နှင့် ပန်းမန်တို့၌ ထုတ်လုပ်မှု လျော့ကျ ဖွယ်ရှိပြီး ကျန်ရှိသည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်များမှာ တိုးတက်မှု ရရှိမည် ဖြစ်ကြောင်း၊ သစ်သီးဝလံတန်ချိန် ၁၀၃.၂၃ သန်း၊ ဟင်းသီးဟင်းရွက်တန်ချိန် ၁၉၃.၆၁ သန်း၊ ကြက်သွန်နီတန်ချိန် ၂၆.၂၉ သန်းနှင့် အာလူးတန်ချိန် ၅၃.၁၁ သန်း အထိ အသီးသီး စိုက်ပျိုးထုတ် လုပ်ရရှိရန် အိန္ဒိယအစိုးရက မျှော်မှန်းလျက်ရှိသည်။

Source:         Release of Final Estimates of 2019-20 and First Advance Estimates of 2020-21 of Area and Production of Horticultural Crops, 08 MAR 2021, Press Information Bureau of India

                 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့