Main menu

Background

အိန္ဒိယနိုင်ငံ၌ ၂ လအတွင်း ကြက်သွန်နီတန်ချိန် ၈၇၀၀၀ ပြည်ပသို့ တင်ပို့နိုင်ခြင်း

Tue, 03/16/2021 - 09:39 -- journal_editor

အိန္ဒိယနိုင်ငံ၌ ပြည်တွင်းဈေးကွက်တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် တန်ဖိုးမြှင့်ပြုပြင် ထုပ်ပိုးထားသည့် ကုန်စည်မှအပ ကြက်သွန်နီ အမျိုးအစားများအားလုံး ပြည်ပတင်ပို့ခြင်းအား ၁၄-၉-၂၀၂၀ နေ့မှစတင်၍ တားမြစ်ပိတ်ပင် ထားရာမှ အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၈-၁၂-၂၀၂၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၁၅-၂၀ ကို ထုတ်ပြန်လျက် ၁-၁-၂၀၂၁ နေ့မှ စတင်၍ ပြည်ပတင်ပို့မှုကို ပြန်လည်ခွင့်ပြုခဲ့ပါသည်။

          မိုးသီးနှံရာသီ၌ စိုက်ပျိုးထုတ်လုပ်မှု ကောင်းမွန်ခဲ့သဖြင့် ပြည်ပတင်ပို့မှုကို ပြန်လည်ခွင့်ပြု ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ကြက်သွန်နီ တန်ချိန် ၈၇၀၀၀ ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း အိန္ဒိယ စိုက်ပျိုးရေး ဝန်ကြီး နာရင်ဒရာဆင်းတိုမာက ၉-၃-၂၀၂၁ နေ့၌ လော့ဆာဘ ပါလီမန်လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ပြောဆိုပါသည်။

          ဝန်ကြီး နာရင်ဒရာဆင်းတိုမာ၏ ပြောကြားချက်အရ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၌ ကြက်သွန်နီ ပြည်ပတင်ပို့မှုကို ပိတ်ပင်ခြင်းမပြုမီက လစဉ်ပျမ်းမျှ တန်ချိန် ၂.၁၈ သိန်းခန့် တင်ပို့ခဲ့ ကြောင်း၊ ထို့နောက်ပြန်လည် တင်ပို့ ခွင့်ပြုချိန်၌ ဇန်နဝါရီလတွင် တန်ချိန် ၅၆၀၀၀ နှင့် ဖေဖော်ဝါရီ လ၌ တန်ချိန် ၃၁၀၀၀ သာ တင်ပို့နိုင်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံတစ်ဝန်း၌ ကြက်သွန်နီ ပျမ်းမျှလက် လီဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ဒီဇင်ဘာလတွင် ၄၄.၃၃ ရူပီး ရှိခဲ့ကြောင်း၊ ပြည်ပတင်ပို့မှု ပြန် လည်စတင်သည့်အချိန် ဇန်နဝါရီလ၌ ၃၈.၅၉ ရူပီးနှင့် ဖေဖော်ဝါရီလတွင် ၄၄.၀၈ ရူပီး အသီးသီး ပျမ်းမျှဈေးနှုန်းရှိခဲ့ကြောင်း၊ ၂၀၁၉-၂၀ ခုနှစ်၌ ပြည်ပသို့ ကြက်သွန်နီတန်ချိန် ၁၁.၅ သိန်း တင်ပို့ ခဲ့ပြီး စုစုပေါင်းတန်ဖိုးအားဖြင့် ရူပီးငွေ ၂.၃၂၀၇ ဘီလီယံရှိကြောင်း၊ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ကြက်သွန်နီ တန်ချိန် ၂ သိန်းကို အရန်သိုလှောင်ထားရှိရန်အတွက် ယခုမတ်လ၌ စတင်ထွက် ရှိမည့် ဆောင်းကြက်သွန်နီများအား အစိုးရက ဝယ်ယူရန်စီစဉ်ထားရှိကြောင်း သိရှိရပါသည်။

          အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ဈေးနှုန်းများကို ထိန်းညှိနိုင်ရန်အတွက် အဓိက အရေးပါ သည့် စားသောက်ကုန်များအား ဝယ်ယူ၍ အရန်သိုလှောင်ထားရှိရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ လ၌ ဈေးနှုန်းများ မြင့်တက်လာချိန် တွင် အရန်ကြက်သွန်နီများအနက်မှ တန်ချိန် ၁ သိန်းကို ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးပေးခဲ့သည်။ ထို့အပြင် အိန္ဒိယအစိုးရသည် ကြက်သွန်နီ တင်သွင်း မှုနှင့် စပ်လျဉ်း၍ ၂၀၀၃ ခုနှစ် သီးနှံကာကွယ်ရေးအမိန့် (Plant Quarantine Order) အရ အပင်ရောဂါ ပိုးမွှားကင်းစင်မှုသက်သေခံလက်မှတ် (Phytosanitary Certificate - PSC) ဆိုင်ရာ သတ်မှတ်ချက်အချို့နှင့် ပိုးသတ်မှိုင်းတိုက်ဆောင်ရွက်ရန် လိုအပ်ချက်တို့ကို ၁၅-၁၂-၂၀၂၀ နေ့ အထိ ဖြေလျော့ပေးခဲ့ သည်။ သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ ပြည်တွင်းသို့ ကြက်သွန်နီ တန်ချိန် ၆၅၅၄၆ တင်သွင်းခဲ့ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

Source:         India exports 87000 tons of onion in Jan-Feb after ban lifted, 9 MAR 2021, Economic Times

                  

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့