Main menu

Background

၂၀၂၁-၂၀၂၂ ခုနှစ်တွင် နိုင်ငံအလယ်ပိုင်း၏တောင်ဘက်ခြမ်းအပိုင်း၌ ကြံရိတ်သိမ်းမှု ၃.၅ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး သကြားနှင့်အီသနော ထုတ်လုပ်မှုကျဆင်းနိုင်

Tue, 03/16/2021 - 09:42 -- journal_editor

ဘရာဇီးလ်နိုင်ငံအလယ်ပိုင်း၏ တောင်ဘက်ခြမ်းအပိုင်း၌ ယခုနှစ်ရိတ်သိမ်းရာသီတွင် ကြံထွက် ရှိမှုသည် ယခင်နှစ်ရာသီထွက်ရှိမှုအောက်  ၃.၅ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး တန်ချိန် ၅၈၆ သန်းခန့် ထွက်ရှိရန် ခန့်မှန်းထားကြောင်း၊ အဆိုပါခန့်မှန်းချက်သည် ၂၀၁၉-၂၀၂၀ ကထွက်ရှိခဲ့သည့် တန်ချိန် ၅၉၀.၃ သန်း အောက် အနည်းငယ်သာလျှော့နည်းကြောင်း၊ ရာသီဥတုအခြေအနေများကြောင့် ကြံအထွက်ပမာဏ ကျဆင်းရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးအကြံပေးကုမ္ပဏီ DATAGRO က သတင်းဌာနသို့ ပြောကြားခဲ့သည်။  

                  ၂၀၂၁ ခုနှစ်၏ ပထမ ၃ လပတ်နှင့် ဒုတိယ ၃ လပတ်ကာလများအတွက် ကြံစိုက်ပျိုးထွက်ရှိမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေကြောင်း၊ နိုင်ငံအလယ်ပိုင်း၏တောင်ဘက်ခြမ်းဒေသတွင် သကြားထွက် ရှိမှုနှုန်းသည် ကြံတစ်တန်လျင် ၁၄၁.၂၀ ကီလိုဂရမ်ထွက်ရှိနိုင်ကြောင်း၊          ၂၀၂၀-၂၀၂၁ ခုနှစ် ကာလ၏ အထွက်နှုန်း ၁၄၄.၆၉ အောက်သို့ ၂.၄ ရာခိုင်နှုန်း လျှော့ကျနိုင်ကြောင်း DATAGRO နှင့် Santander တို့ပူးတွဲကျင်းပသည့် ကြံ၊ သကြားနှင့် အီသနောလုပ်ငန်း(၂၀၂၁-၂၀၂၂) အစည်းအဝေးတွင် DATAGRO ၏ ဈေးကွက်သုတေသနမှူး Bruno Freitas ကပြောကြားခဲ့သည်။

                  ၂၀၂၀-၂၀၂၁ ခုနှစ်တွင် သကြားတန်ချိန် ၃၆.၇၀ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်အောက် ၇.၄ ရာခိုင်နှုန်းလျှော့နည်းခဲ့ကြောင်း၊ အီသနောလီတာ ၂၉.၄၀ ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်အောက် ၄.၁ ရာခိုင်နှုန်း လျှော့နည်းခဲ့ကြောင်းနှင့် လာမည့်ရာသီတွင် ပြောင်းမှအီသနောထုတ်လုပ်မှု၌ လီတာ ၃.၄၁ ဘီလီယံ ပိုမိုထုတ်လုပ်နိုင်ရန်ခန့်မှန်းထားကြောင်း အကြံပေးကုမ္ပဏီ၏ပြောကြားချက်အား သတင်းတွင် ဖော်ပြထားသည်။

                  ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်အစောပိုင်းကာလများ၌ဖြစ်ပေါ်သော ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများကြောင့် ကြံအရည်အသွေးကျဆင်းခဲ့ကြောင်း၊ အချို့သီးနှံများကို မတ်လတွင် အချိန်မီ ရိတ်သိမ်းလျက်ရှိသော်လည်း ကြံစတင်စိုက်ပျိုးမည့်အချိန်မှာနောက်ကျနိုင်ကြောင်း   Freitas က ပြောကြား ခဲ့သည်။

                  နိုင်ငံ၏မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသတို့တွင် စိုက်ပျိုးမည့်သီးနှံများအတွက် ရာသီဥတု အခြေအနေကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါဒေသများတွင် ကြံထွက်ရှိမှုပမာဏသည် တန်ချိန် ၅၅ သန်း ထွက်ရှိနိုင်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်ထက် ၃.၈ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်ကြောင်း၊ သကြားအထွက်နှုန်း မှာလည်း ကြံတစ်တန်လျင် ၁၃၃.၅၀ ကီလိုဂရမ် ထွက်ရှိနိုင်ကြောင်း၊ ကြိတ်ခွဲထုတ်လုပ်မှုမှ သကြားတန်ချိန် ၃.၁၀ သန်းနှင့် အီသနောလီတာ ၂.၄၀ ဘီလီယံထုတ်လုပ်နိုင်ရန်ခန့်မှန်းထားကြောင်း သတင်းတွင် ဖော်ပြ ထားသည်။

                  ကမ္ဘာ့သကြားထုတ်လုပ်မှုပမာဏသည် ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် သကြားတန်ချိန် ၁ သန်းဝန်းကျင် ပိုမိုထုတ်လုပ်နိုင်ရန် ခန့်မှန်းထားကြောင်း၊ တိုးတက်မည့်ပမာဏသည် အလွန်နည်းကြောင်း၊ ထို့အပြင် ရာသီဥတုပြောင်းလဲမှုအပေါ်မူတည်၍ ထွက်ရှိမည့်ပမာဏသည်လည်း အပြောင်းအလဲဖြစ်နိုင် ကြောင်း၊ ထို့အပြင် ကိုရိုနာကူးစက်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့သကြားစားသုံးမှုအပိုင်းတွင်လည်း လျှော့ကျနိုင်ကြောင်း  Freitas က သတင်းဌာနသို့ ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - Datagro sees 2021/22 sugarcane harvest 3.5% lower in the South-Central BR; falls in sugar and ethanol, noticiasagricolas.com.br