Main menu

Background

ကူးစက်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် ဘရာဇီးလ်နိုင်ငံ၏ GDP တွင် ဝန်ဆောင်မှု ကဏ္ဍ၏ပါဝင်မှု ၄.၅ ရာခိုင်နှုန်းကျဆင်း

Tue, 03/16/2021 - 09:45 -- journal_editor

ဘရာဇီးလ်နိုင်ငံ၏ဝန်ဆောင်မှုကဏ္ဍသည် ၂၀၂၀ ပြည့်နှစ်တွင် ၄.၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ဝန်ဆောင်မှုကဏ္ဍနှင့်စက်မှုကဏ္ဍနှစ်ခုပေါင်းသည် ဘရာဇီးလ်နိုင်ငံစီးပွားရေး၏ ၉၅ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိသည်။ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဟိုတယ် လုပ်ငန်းများ၊ ကာယလေ့ကျင့်ခန်းနှင့်ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စားသောက် ဆိုင်လုပ်ငန်းများကဲ့သို့သော စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ခြင်း မရှိခဲ့သဖြင့် ဝန်ဆောင်မှု ကဏ္ဍတွင် ၁၂.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ အကျိုးဆက်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ GDP သည် ၄.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း  ၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် Brazilian Institute of Geography and Statistics (IBGE) က သတင်းထုတ် ပြန်ခဲ့သည်။ ထို့အပြင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကာလတွင် အဆိုးရွားဆုံးအခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး ဘရာဇီးလ်နိုင်ငံ၏ စုစုပေါင်း ချမ်းသာကြွယ်ဝမှု သည် ဘရာဇီးလ်ဟဲရာ ၇.၃ ထရီလီယံမှ ၇.၄ ထရီလီယံအထိသာ တိုးတက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

              ကိုဗစ်-၁၉ သွားလာမှုကန့်သတ်ချက်များကြောင့် အိမ်ထောင်စုဝင်များအသုံးပြုသည့် ဝန်ဆောင်မှုလုပ်ငန်းများမှာ အနုတ်သ‌ဘောအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့‌ကြောင်း၊ ဒုတိယ မြောက် ကျဆင်းမှုအများဆုံး ဖြစ်ပေါ်ခဲ့ သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကုန်ပစ္စည်းသိုလှောင် သည့်လုပ်ငန်းနှင့် စာတိုက်လုပ်ငန်းတို့တွင် ၉.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း IBGE's National Accounts မှ တာဝန်ခံ Rebeca Palis ကပြောကြားခဲ့သည်။

              ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် စီမံအုပ်ချုပ်မှုလုပ်ငန်း၊ ကာကွယ်ရေးဆိုင်ရာလုပ်ငန်း များ၊ ကျန်းမာရေး၊ ပြည်သူ့လုံခြုံရေးနှင့်ပညာရေးဝန်ဆောင်မှုလုပ်ငန်းတို့တွင် ၄.၇ ရာခိုင်နှုန်း၊ ကုန်သွယ်ရေးတွင် ၃.၁ ရာခိုင်နှုန်းနှင့် ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် လုပ်ငန်းများတွင် ၀.၂ ရာခိုင်နှုန်းတို့ အသီးသီးကျဆင်းခဲ့ပြီး ငွေရေးကြေးရေးလုပ်ငန်း၊ အာမခံလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများတွင် ၄ ရာခိုင်နှုန်းနှင့် အိမ်ခြံမြေလုပ်ငန်းများတွင် ၂.၅ ရာခိုင်နှုန်းတို့ အသီးသီး တိုးတက်ခဲ့ကြောင်း IBGE ၏ သတင်းတွင် ဖော်ပြထားသည်။

              ၂၀၂၀ ပြည့်နှစ် စတုတ္ထ ၃ လပတ်ကာလတွင် ဝန်ဆောင်မှုကဏ္ဍ၌ ၂.၇ တိုးတက်ခဲ့သဖြင့် အခြေအနေကောင်းမွန်သည့် လက္ခဏာများဖြစ်ပေါ်ခဲ့သေးကြောင်း၊ ၂၀၁၉ ကာလတူနှင့်နှိုင်းယှဉ် ပါက ၂၀၂၀ ပြည့်နှစ်၏ ဝန်ဆောင်မှု ကဏ္ဍသည် ၂.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် လယ်ယာကဏ္ဍ၌ ၂.၀ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း စက်မှုကဏ္ဍတွင် ၃.၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍတွင် ၄.၅ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့သဖြင့် GDP တွက်ချက် ရာတွင် ကျဆင်းခဲ့ကြောင်း IBGE ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

              ဝန်ဆောင်မှုလုပ်ငန်းများအနက် မိသားစုဝင်များနှင့် နေစဉ်ရယူအသုံးပြုနေသော ဝန်ဆောင်မှုလုပ်ငန်းများနှင့် ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည် ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ်ချက်များကြောင့် အဓိက ထိခိုက်ခဲ့ရသော လုပ်ငန်းများဖြစ်ခဲ့ကြောင်း IBGE ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - With pandemic, GDP of the service sector shrinks 4.5% in 2020, cerreiobraziliense.com.br