Main menu

Background

ကိုရီးယားသမ္မတနိုင်ငံ၊ Land & Housing Corporation (LH) ၏မြေယာဝယ်ယူ စျေးကစားမှု အရှုပ်တော်ပုံအတွက် သမ္မတမွန်ဂျေအင်းမှ ပြည်သူများသို့ ဝန်ချတောင်းပန်ခဲ့ခြင်း

Thu, 03/18/2021 - 10:35 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံ၊ Land & Housing Corporation (LH) ၏မြေယာဝယ်ယူမှု စျေးကစားခြင်းအရှုပ်တော်ပုံကိစ္စနှင့်ပတ်သက်၍ သမ္မတမွန်ဂျေအင်း၏ ပြည်သူသို့တောင်းပန်မှုကို လူအများကလိုလားတောင်းဆိုလျက်ရှိရာ (၁၆-၃-၂၀၂၁) ရက်နေ့တွင် သမ္မတမှပြည်သူများသို့ တောင်းပန်ခဲ့ကြောင်း၊ ပြည်သူများကိုအကြီးအကျယ်စိုးရိမ်ပူပန်စေခဲ့ရတဲ့အတွက် ၎င်းအနေဖြင့် စိတ်မကောင်းဖြစ်မိရကြောင်း၊ ဤဖြစ်ရပ်သည် ပြည်သူလူထုအကြားတွင် စိတ်ပျက်အားလျော့ခြင်း နှင့်မျှော်လင့်ချက်ကင်းမဲ့စေခြင်းများကိုဖြစ်ပေါ်စေခဲ့ကြောင်း အပတ်စဉ်အစိုးရအဖွဲ့အစည်းအဝေး တွင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။

          ထိုသို့ သမ္မတမှပြည်သူသို့ဝန်ချတောင်းပန်ခြင်းနှင့်အတူ ဤကိစ္စရပ်အပေါ်အထူးစေ့စပ်စွာ ဆက်လက်စုံစမ်းစစ်ဆေးသွားရန် သမ္မတ၏ပြင်းထန်သော ညွှန်ကြားချက်များသည်လည်း တစ်ဆက်တည်းထွက်ပေါ်လာခဲ့ကြောင်း၊ ကိုရီးယားမြေနှင့်အိမ်ရာကော်ပိုရေးရှင်း (LH)၏ဝန်ထမ်း အနည်းဆုံး (၂၀)ဦးခန့်သည် ဆိုးလ်မြို့ပတ်ဝန်းကျင် Gyeonggi ပြည်နယ်၏ Gwangmyeong နှင့် Siheung ဒေသတို့ရှိလူနေအိမ် အသစ်များ ဆောက်လုပ်မည့် စီမံကိန်းများနှင့်ပတ်သက်၍အစိုးရထံမှ တရားဝင်ကြေညာချက်မထုတ်ပြန်မီ လျှို့ဝှက်သတင်းအချက်အလက်များကိုအခြေခံ၍ စီမံကိန်း မြေနေရာအမြောက်အမြားကို ကြိုတင်ဝယ်ယူခဲ့ကြကြောင်း စွပ်စွဲခံထားရခြင်း ဖြစ်ပါသည်။

       သမ္မတမွန်ဂျေအင်း၏အုပ်ချုပ်ရေးကာလ၌ အိမ်ရာစျေးနှုန်းများနှင့် အိမ်ငှားခများ မတန်တဆ ဆက်လက်မြင့်တက်နေခြင်းကြောင့်  တောင်ကိုရီးယားပြည်သူလူထု၏ မကျေနပ်မှု အမျက် ဒေါသများအပေါ် ဤ LH မြေယာ ဝယ်ယူစျေးကစားမှုအရှုပ်တော်ပုံကိစ္စက မီးလောင်ရာလေပင့် သကဲ့သို့ ဖြစ်ပေါ်လျက်ရှိပါသည်။ တောင်ကိုရီးယားအစိုးရအနေဖြင့် အစိုးရဝန်ထမ်းများအကြား အိမ်ခြံမြေနှင့်သက်ဆိုင်သော အကျင့်ပျက်ခြစားမှုများကို အမြစ်ပြတ်ချေမှုန်းသွားရန်ဆုံးဖြတ်ထား ကြောင်း၊ မတရားမှုများ၏မြစ်ဖျားခံရာ အကျင့်ပျက်ခြစားမှုများ၊ အမြစ်တွယ်လျက်ရှိသောအမှား များကိုအမြစ်ပြတ်ချေမှုန်းနိုင်ပါက တိုင်းပြည်အတွက် ပိုမိုပွင့်လင်းမြင်သာမျှတမှုရှိသည့် လူ့ဘောင် အဖွဲ့အစည်းဆီသို့ဦးတည်နိုင်မည့် အလှည့်အပြောင်းကောင်းတစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေးတွင် သမ္မတက ပြောကြားခဲ့ပါသည်။

        ထို့ပြင်သမ္မတမွန်ဂျေအင်းအနေဖြင့် နိုင်ငံရေးအရထိရှလွယ်သည့်စကားလုံးများဖြစ်သော "သစ္စာဖောက်များကိုအမြစ်ပြတ်ချေမှုန်းခြင်း" နှင့် "အလင်းတိုင်တော်လှန်ရေး" ဟူသောစကားလုံး များကို၎င်း၏ မိန့်ခွန်း၌ပြန်လည် ထည့်သွင်းအသုံးပြုခဲ့ကြောင်း၊ ယခင်က ရှေးရိုးစွဲသမ္မတနှစ်ဦး ဖြစ်သည့် Lee Myung-bak နှင့် Park Geun-hye တို့ ဆယ်စုနှစ်တစ်ခုနီးပါးအာဏာရှိခဲ့စဉ်က နိုင်ငံရေးနှင့် လူမှုရေးအကျင့်ပျက်မှုများကို ယခုသမ္မတအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် မွန်ဂျေအင်းနှင့် ၎င်းကိုထောက်ခံသူများက “အလင်းတိုင်တော်လှန်ရေး” ဖြင့် ၂၀၁၇ ခုနှစ်တွင် ပြစ်တင်စွပ်စွဲ၍တော်လှန်ခဲ့ဖူးကြောင်း၊ အစိုးရပိုင်စီးပွားရေးလုပ်ငန်းများ၏အခြေခံကျသော ပြုပြင် ပြောင်းလဲမှုများ စနစ်တကျလိုအပ်နေခြင်းသည် အစိုးရအဖွဲ့၏တာဝန်ဝတ္တရားဖြစ်ကြောင်း၊ အစိုးရ အရာရှိများ၏ကျင့်ဝတ်စံနှုန်းများကိုမြှင့်တင်ရန်သည်ပြုပြင်ပြောင်းလဲမှု၏အစဖြစ်ကြောင်း သမ္မတ ကထပ်လောင်း ပြောကြားခဲ့ပါ သည်။ 

          လက်ရှိတွင် အစိုးရအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အဆိုပါ LH မြေယာဝယ်ယူစျေး ကစားမှုအရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်နေသူများကို ဆင့်ခေါ်၍လိုအပ်သည်များ ထပ်မံစစ်ဆေး သွားမည်ဖြစ်ကြောင်း၊ ထိုအဖွဲ့သည် အစိုးရမှပဏာမစစ်ဆေးတွေ့ရှိချက်များ၊ လက်ရှိတွေ့ရှိထား သောသက်သေများအား စေ့စပ်စွာစစ်ဆေးသုံးသပ်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလောစစ်ဆေးတွေ့ရှိချက်များအရ LH၏ဝန်ထမ်း(၂၀)ဦးသည်ပါဝင်ပတ်သက်မှုအရ စစ်ဆေး ခံရလျက်ရှိပြီး၊ LH ရုံးချုပ်အပါအဝင် သက်ဆိုင်ရာနေရာအနှံ့အပြားသို့ ရဲများက ရှောင်တခင်စီးနင်း ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများလည်းရှိကြောင်း သိရှိရပါသည်။

Source: The Korea Herald (17-3-2021)

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)