Main menu

Background

နည်းပညာအသစ်အသုံးပြုမှုကြောင့် ပီလောပီနံပျိုးပင်ထုတ်လုပ်မှုတွင် ၁၀ ဆအထိ တိုးတက်

Fri, 03/19/2021 - 11:29 -- journal_editor

      ပျိုးပင်လက်တွေ့စမ်းသပ်ထုတ်လုပ်မှုကို အလွယ်တကူရရှိနိုင်သော အထောက်အကူပြု ပစ္စည်းများအသုံးပြု၍ မျိုးပွားမှုနည်းစနစ်အဆင့်ဆင့်အား ဖန်လုံအိမ်အတွင်းသုတေသနပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ အကိုင်းစတင် ထွက်ပေါ်ချိန်တွင်ရှိနေသည့် အရွက်ဖူးကိုအသုံးပြု၍ မျိုးပွားသည့် နည်းစနစ်ကို တောင်သူလယ်သမားများကိုယ်တိုင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မှုတွင် တောင်သူများနေ့စဉ်တွေ့ကြုံနေရသည့် ပျိုးပင်ရှားပါးမှုအခက်အခဲများကို ကူညီဖြေရှင်းပေးရန်ရည်ရွယ်၍ မျိုးပွားသည့်နည်းစနစ်အသစ်ကို ဘရာဇီးလ်နိုင်ငံရှိ စိုက်ပျိုးရေး သုတေသနကုမ္ပဏီ(Brazilian Agricultural Research Company - Embrapa)က စမ်းသပ်သုတေ သနပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ အပင်၏ရိုးတန်ကိုအသုံးပြု၍ မျိုးပွားခြင်းအစား အရွက်ဖူးကိုအသုံးပြု၍ မျိုးထုတ်ယူသောနည်းစနစ်ကြောင့် ရိုးရာစိုက်ပျိုးရေး စနစ်ကို ၁၀ ဆ အထိ တိုးတက်စေနိုင်မည် ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

              ပီလောပီနံအရွက်များတွင် အပင်သစ်မျိုးပွားနိုင်သည့်အရွက်ဖူးများရှိကြောင်း၊ ရိုးတံ တစ်ခုတွင် မျိုးပွားနိုင်သည့်အရွက်ဖူး ၃၀ နှင့် ၄၀ အကြားပါရှိကြောင်း၊ တစ်နှစ်တာကာလတွင် ရာသီစက်ဝန်း ၄ ကြိမ်ဖြစ်ပေါ်သဖြင့် ရိုးတံတစ်ချောင်းမှ အပင်ပေါက် ၁၆၀ အထိ ရရှိနိုင်ကြောင်း၊ ပုံမှန်စိုက်ပျိုးနည်းစနစ်ထက် ၁၀ ဆ ပိုမိုကောင်းမွန်လာကြောင်း သုတေသနကုမ္ပဏီမှ ပီလောပီနံနှင့် သစ်သီးဝလံစိုက်ပျိုးရေးနည်းစနစ် တာဝန်ခံ Eder Oliveira က ရှင်းလင်းပြောကြားခဲ့သည်။

              စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် လယ်သမားတိုင်း နည်းပညာများရရှိစေရေးအတွက်  မျိုးပွားသည့်နည်းစနစ်အသစ်ကို ရိုးရှင်းလွယ်ကူအောင်လုပ်ဆောင်ထားကြောင်း၊ အပင်ဖျက်ပိုးမွှား ထိန်းချုပ်ရေးအတွက် အပင်ပိုးမွှားလေ့လာရေးစီမံကိန်းများလုပ်ဆောင်နေသည့် ပိုးသတ်ဆေးအဖွဲ့ များနှင့် ပူးပေါင်းလုပ်ဆောင်ရန် စတင်ဆောင်ရွက်နေကြောင်းနှင့် ရလဒ်ကောင်းများရရှိရန် မျှော်မှန်း ထားကြောင်း၊ အရွက်ဖူးကိုအသုံးပြု၍ ပျိုးပင် ဖောက်ရာတွင် ၈၀ ရာခိုင်နှုန်းကျော် အောင်မြင်မှု ရရှိကြောင်း၊ ပျိုးခြံအဆောက်အအုံ၏ အနည်းဆုံးရှိရမည့်အကျယ်အဝန်းနှင့် စိုထိုင်းစအခြေအနေသည် အပင်အညှောက်ဖောက်စ ပထမရက်သတ္တပတ်အချိန်တွင် အရေးကြီး ကြောင်း  Oliveira ၏ရှင်းလင်းချက်အား သတင်းတွင်ဖော်ပြထားသည်။

              မျိုးပွားမှုတီထွင်စမ်းသပ်လုပ်ဆောင်ခြင်းသည် ပီလောပီနံစိုက်ပျိုးရေးအတွက် အကျိုးများ ကြောင်း၊ မျိုးပွားခြင်းအား လွယ်ကူစွာဆောင်ရွက်နိုင်ခြင်းနှင့် ပျိုးခြံများတည်ဆောက်ရလွယ်ကူခြင်း နှင့်  အချိန်တိုအတွင်း မျိုးအမြောက်အများထုတ်လုပ်နိုင်ခြင်းတို့ကြောင့် ပီလောပီနံစိုက်ပျိုးရေး လုပ်ငန်းစဉ်တွင် ကုန်ကျစရိတ်များလျှော့ချနိုင်ကြောင်း ကုမ္ပဏီ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ ပျိုးပင်ထုတ်လုပ်သည့်စနစ်ကို အသုံးပြုခြင်းဖြင့် စီးပွားဖြစ်စိုက်ပျိုးရေးတွင် ကြုံတွေ့နေရသော မျိုးထုတ်လုပ်ရာတွင်အချိန်ကြန့်ကြာမှုများနှင့် ကုန်ကျစရိတ်မြင့်မားနေမှုများကို ဖြေရှင်းနိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - New technique increases cassava seedling production by ten times, www.gov.br