Main menu

Background

ပဲမျိုးစုံကို ပြည်ပမှတင်သွင်းမှုထက် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုကို ပိုမိုတွန်းအားပေးရန် တောင်သူများက အိန္ဒိယဗဟိုအစိုးရထံ တောင်းဆို

Mon, 03/22/2021 - 13:27 -- journal_editor

       အိန္ဒိယနိုင်ငံ၌ ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပဲမျိုးစုံကို ပြည်ပမှ တင်သွင်းခြင်းအား ဗဟိုအစိုးရက ကိုတာခွဲတမ်းစနစ်ဖြင့် ခွင့်ပြုပေးလျက်ရှိရာ အထူး သဖြင့် မတ်ပဲအား ပြည်ပမှဝယ်ယူ တင်သွင်းမှုထက် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမို တွန်းအားပေး ဆောင်ရွက်ရန် မဟာရဋ္ဌပြည်နယ်ရှိ တောင်သူလယ်သမားများက တောင်းဆိုလိုက် ကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

        အဆိုပါတောင်သူများက အစိုးရ၏ သွင်းကုန်မူဝါဒက လယ်ယာကဏ္ဍ လူမှုပတ်ဝန်းကျင် အပေါ် သက်ရောက်မှုရှိနိုင်မည့် အခြေအနေကို မေးခွန်းထုတ်လျက်ရှိပြီး ပြည်တွင်း၌ စိုက်ပျိုး ထုတ်လုပ်မှုကိုမြှင့်တင်ခြင်းက နိုင်ငံ၏ အတ္တမနိဗ္ဗာ (Atmanirbhar) ခေါ် ကိုယ်ပိုင်စွမ်းအားဖြင့် ရပ်တည်နိုင်မှုကို ရရှိလာမည်ဖြစ်ကြောင်းဖြင့် ပြောဆိုလျက်ရှိကြသည်။
        စိုက်ပျိုးရေးဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ Mr. Deepak Chavan က ပြည်တွင်း၌ ပုံမှန် စိုက်ပျိုးလျက်ရှိပြီး ဈေးနှုန်းမြင့်မားမှုရှိသော စားသောက်ကုန်များမှာ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုလာ မည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်များအတွက် အစိုးရအနေဖြင့် ပြည်ပမှတင်သွင်းနေရမှု အပေါ် မှီခိုအားထားရန် မရှိကြောင်း၊ သို့သော် လက်ရှိကာလ၌ အစိုးရက အထောက်အပံ့ပေးမည့် အခြေခံ ရည်ညွှန်းဈေးနှုန်း (MSP) ထက် ဈေးနှုန်းများ ပိုမိုမြင့်မားနေချိန်တွင် ကုန်သည်လုပ်ငန်း အသိုင်းအဝိုင်းက ပြည်ပမှတင်သွင်းရေးမူကို စွဲမြဲစွာဆုပ်ကိုင်ထားကြကြောင်း၊ သွင်းကုန်မူဝါဒ သည် လယ်ယာလုပ်ငန်းခွင်နှင့် တောင်သူများအပေါ် အန္တရာယ်ရှိနေကြောင်း စသည်ဖြင့် ပြောဆို ပါသည်။
       အဆိုပါပြည်နယ်ရှိ Marathwada နှင့် Vidarbha ဒေသများရှိ တောင်သူများသည် ပဲစင်းငုံ အား ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၆၀၀၀ နှုန်းဖြင့် ဝယ်ယူပေးမည့် MSP ဈေးနှုန်း ထက် ပိုမို၍ ရူပီးငွေ ၈၅၀၀ မှ ၈၇၀၀ အထိ ဈေးရရှိရန် မျှော်မှန်းထားခဲ့ကြသော်လည်း အစိုးရက ပဲစင်းငုံတင်သွင်းခွင့်ကို သက်တမ်းတိုးမြှင့်ပေးခဲ့မှုကြောင့် စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့ကြ သည်။ ဒေသခံတောင်သူတစ်ဦးဖြစ်သူ Mr. P P Pawar က လယ်သမားများ အနေဖြင့် ဝါဂွမ်းနှင့် ပဲပုတ်စိုက်ခင်းများ ထိခိုက်ဆုံးရှုံးရမှုအပေါ် ပဲစင်းငုံဈေးကောင်းရရှိမှုဖြင့်ကာမိရန် မျှော်လင့်ခဲ့ကြ ကြောင်း၊ သို့ရာတွင် အစိုးရက ပဲစင်းငုံတင်သွင်းခွင့်ကို ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့်ခဲ့ သဖြင့် ဈေးကွက်အတွင်း၌ ပဲစင်းငုံကုန်ကြမ်းဈေးနှုန်းမှာ ၁ ကွင်တယ်ပေါ်တွင် ရူပီးငွေ ၂၀၀၀ ကျော် ကျဆင်းခဲ့ကြောင်း၊ ထိုကဲ့သို့ အစိုးရက လုပ်ဆောင်နေမည်ဆိုလျှင် လယ်သမားများ၏ ဝင်ငွေအား နှစ်ဆတိုးမြှင့်ရေးမှာ မည်သို့ဖော်နိုင်မည်ဆိုသည်ကို မေးခွန်းထုတ်ဖွယ်ရာရှိကြောင်း စသည်ဖြင့် ပြောဆိုပါသည်။
    အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး နာရင်ဒရာဆင်းတိုမာ ကမူ အစိုးရအနေဖြင့် ပဲမျိုးစုံနှင့် စားသုံး ဆီတို့အား ပြည်ပမှတင်သွင်းနေရမှုအပေါ် လျော့ချနိုင်ရန်အတွက် အမျိုးသားအဆင့် စားနပ်ရိက္ခာ ဖူလုံရေး အစီအစဉ် (National Food Security Mission) အား ချမှတ်လျက် ပြည်တွင်း၌ ထုတ် လုပ်မှုမြှင့်တင်ရေး အစီအမံများစွာကို အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်းနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေးမြှင့်တင်ရန်အတွက် RKVY ခေါ် လယ်ယာလုပ်ငန်းအတွက် လုပ်အားခပေးချေမှု အထောက်အပံ့ရန်ပုံငွေကို ပြည်နယ်များသို့ ပေးအပ်လျက်ရှိကြောင်းဖြင့် ၁၆-၃-၂၀၂၁ နေ့တွင် ကျင်းပသည့် လော့ဆာဘလွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့ကြောင်း သိရှိရသည်။

Source:         Maharashtra farmers want Centre to encourage pulses cultivation than import them, 16-3-2021, The Hindu Business Line

(နေအေးလွင်၊စီးပွားရေးသံမှူး)