Main menu

Background

တောင်ကိုရီးယားအစိုးရမှ COVID-19 ကူးစက်ရောဂါ၏ရိုက်ခတ်မှုကြောင့် ထိခိုက်ရသော လေကြောင်း လိုင်းများအတွက် ပံ့ပိုးမှုအထောက်အပံ့အစီအစဉ်များ ထပ်မံကြေညာခဲ့

Tue, 03/23/2021 - 10:12 -- journal_editor

             တောင်ကိုရီးယားနိုင်ငံသည်  COVID-19 ကူးစက်ရောဂါ၏ရိုက်ခတ်မှုကြောင့် ဆုံးရှုံးမှု အပြင်း  အထန် ထိခိုက်ခံစားရသော လေကြောင်းလိုင်းများအား အကျပ်အတည်းကာလအတွင်း ဆက်လက် ရှင်သန်နိုင်စေရန် ကူညီပံ့ပိုး ပေးမည့်အခြားအစီအစဉ်များကို(၃-၃-၂၀၂၁) ရက်နေ့ကထုတ်ဖော်ပြောကြား ခဲ့ပါသည်။ လေကြောင်းလိုင်းများအတွက် လေယာဉ်ကွင်းအသုံးပြုခကို ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ အစိုးရ ကဆက်လက်လျှော့ချပေးသွားမည်ဖြစ်ကြောင်း အခွန်ကို ကိုရီးယားဝမ် ၄၅ဒသမ၇ ဘီလီယံ အမေရိကန် ဒေါ်လာ ၄၀ဒသမ၆ သန်း လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လေကြောင်းခရီးသွားဝယ်လိုအား အခြေ အနေကိုထည့်သွင်းစဉ်းစားခြင်းအားဖြင့် အခွန်လျှော့ချခြင်း ကာလအား ထပ်မံတိုးမြှင့်ရန် သင့်/ မသင့်ကို ဆက်လက်စဉ်းစားပေးသွားမည်ဖြစ်ကြောင်း  မြေယာ၊ အခြေခံအဆောက်အဦနှင့် ပို့ဆောင်ရေး ဝန်ကြီး ဌာနမှ ကြေညာခဲ့ပါသည်။ 

           ယခုကဲ့သို့ ထပ်တိုးပံ့ပိုးမှုအတိုင်းအတာအားဖြင့် လေကြောင်းလိုင်းလုပ်ငန်းတွေသည် ၎င်းတို့ ၏ဝန်ထမ်းများကိုဆက်လက်ထိန်းသိမ်းထားပြီး လေကြောင်းခရီးသွားလာရေးဝယ်လိုအားများ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိရန်ကြိုးပမ်းနေကြစဉ်ကာလအတွင်း  လုပ်ငန်းတူအချင်းချင်း တရား မျှတစွာယှဉ်ပြိုင်မှုများ တိုးတက်လာစေလိမ့်မယ်လို့မျှော်လင့်ကြောင်း ပို့ဆောင်ရေးဝန်ကြီး Byeon Chang-heum ကပြောကြားခဲ့ပါသည်။ နိုင်ငံများအနေဖြင့် COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုကို တားဆီး  နိုင်ရေးအတွက် ပြည်ပခရီးသည်ဝင်ရောက်မှုကန့်သတ်ခြင်းများအားမဖြစ်မနေမြှင့်တင်ဆောင်ရွက်ရခြင်း မှသည် လေကြောင်းခရီးသွားလာရေးမှာ ဝယ်လိုအားများ ကျဆင်းခဲ့ရပါသည်။ ဝန်ကြီးဌာန၏ထုတ်ပြန် ချက်များအရ အပြည်ပြည်ဆိုင်ရာခရီးစဉ်များပျံသန်းမှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် ၉၀ဒသမ၄ သန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်ခုနှစ်တွင် ၁၄ဒသမ၂ သန်းသာရှိခဲ့ပြီး၊ ၈၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ Coronavirus ကူးစက်ပျံ့နှံ့မှု၏အကျိုးသက်ရောက်မှုကြောင့်ကမ္ဘာတစ်ဝှမ်းခရီးသည်များမူလအခြေအနေ အတိုင်းပြန်လည်ခရီးသွားလာနိုင်ရန်အတွက် လေးနှစ်အထိကြာမြင့်လိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်းနှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (The International Civil Aviation Organization and the International Air Transport Association) က ခန့်မှန်းထားပါသည်။

          ပြည်တွင်းလေဆိပ်များ၌အသုံးမပြုသည့် Slot များပြန်လည်ရယူခြင်းကိုဆိုင်းငံ့ထားမည်ဖြစ် ပြီး၊ နိုင်ငံခြားလေကြောင်းလိုင်းများမှအသုံးမပြုသည့် Slot များကို တောင်ကိုရီးယား ပြည်တွင်းလေ ကြောင်းလိုင်းများကို ယာယီအသုံးပြုခွင့်ပေးမည်ဟု မြေယာ၊ အခြေခံအဆောက်အဦနှင့် သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာန ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယား၏ အဓိကအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(၂)ခုဖြစ်သော Korean Airlines Co., Ltd. နှင့် Asiana Inc. လေကြောင်းကုမ္ပဏီ တို့သည် ပြည်ပလေကြောင်းခရီးသွားဝယ်လိုအားသိသိသာသာ ကျဆင်းနေသည့်အတွက် ၎င်းတို့၏ ခရီးသည်တင်ဂျက်လေယာဉ်အချို့ကို ကုန်တင်လေယာဉ်များအဖြစ် ပြောင်းလဲခဲ့ရ ကြောင်း၊ လက်ရှိတွင် အခြေအနေအရ အခြားသော ကမ္ဘာ့လေကြောင်းလိုင်းများနည်းတူ ကုန်တင်ထိုင်ခုံအိတ်များအသုံးပြု၍ သော်လည်းကောင်း (သို့မဟုတ်) ခရီးသည်ထိုင်ခုံများကိုဖယ်ရှားခြင်းအားဖြင့်သော်လည်းကောင်း ၎င်းတို့ ၏ခရီးသည်တင်လေယာဉ်အား ကုန်တင်နိုင်သည့်လေယာဉ်အဖြစ် ယာယီပြောင်းလဲဆောင်ရွက်ရလျက် ရှိကြောင်း  သိရှိရပါသည်။

           ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင်  Korean Air သည် အခြားလေကြောင်းလိုင်းများနှင့် ပူးပေါင်း ခဲ့ပြီး Incheon အပြည်ပြည်ဆိုင်ရာလေဆိပ်မှသည် တောင်ကိုရီးယား၏ အဓိကအထင်ကရ ရှုခင်း လှပ သည့်ဒေသများဖြစ်သော အရှေ့ပင်လယ်၊ Busan၊ Jeju ကျွန်း စသည့်ဒေသများသို့ ဝေဟင် ရှုခင်းကြည့် ခြင်းသွားရောက်နိုင်မည့် “Sighseeing Flights” (Flight to nowhere / ဝေဟင်ရှုခင်းကြည့် လေကြောင်း ခရီးစဉ်) များကိုကမ်းလှမ်းခဲ့ပြီး မတ်လတွင် အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          သို့ဖြစ်၍ ဝန်ကြီးဌာနအနေဖြင့်လည်း “Flight to Nowhere” အစီအစဉ်များကို အခြားသော ပြည်တွင်းလေဆိပ်များတွင်လည်း  ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လေကြောင်းလိုင်းများ၏ ငွေကြေးပြတ်လပ်မှုကို ပံ့ပိုးပေးနိုင်ရန်အတွက် ထပ်တိုးဘဏ္ဍာရန်ပုံငွေအစီအစဉ်များကို ပံ့ပိုးပေးနိုင်ရန် အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံပိုင် Korea Development Bank (KDB) နှင့် ကိုရီးယားပို့ကုန်သွင်းကုန်ဘဏ် (Korea Exim Bank) တို့သည် Korean Airlines Co. , Ltd. နှင့် Asiana Inc. တို့သို့ ကိုရီးယားဝမ် (၂.၉) ထရီလီယံဝမ် ပံ့ပိုးခဲ့ကြောင်း၊ ထို့ပြင် မူဝါဒဆိုင်ရာချေးငွေပံ့ပိုးသူ အဆိုပါ ဘဏ်နှစ်ခုသည် Jeju Air Co., Ltd.၊ Jin Air Co., Ltd.နှင့် Air Busan Co., Ltd.  တို့အပါအဝင် တန်ဖိုးနည်း လေကြောင်းလိုင်း(၅)ခုတို့အတွက် ချေးငွေ ကိုရီးယားဝမ် (၅၄၁.၅)ဘီလီယံကိုပံ့ပိုးပေးခဲ့ကြပါသည်။ သီးခြားစီအနေဖြင့် လေကြောင်းလိုင်းများ သည် ၎င်းတို့၏ ဝန်ထမ်းများအား လစာဖြင့်ခွင့်ရက်ရှည်ကို ပံ့ပိုးပေးထားပါက အစိုးရအနေဖြင့် အလုပ်အကိုင်အတွက် ထောက်ပံ့ငွေကို ရက်ပေါင်း (၁၈၀) အထိ ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရပါသည်။

          တောင်ကိုရီးယား၏နိုင်ငံ့ဂုဏ်ဆောင်အမျိုးသားလေကြောင်းလိုင်းဖြစ်သောKorean Air သည် (၁၈,၀၀၀) ခန့်ရှိသော ၎င်း၏ဝန်ထမ်းများ၏ (၇၀) ရာခိုင်နှုန်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစ၍ လစာဖြင့် ခွင့်ရက်ရှည် ပေးထားခဲ့ပြီး၊ Coronavirus ၏လေကြောင်းကဏ္ဍအပေါ် ရိုက်ခတ်မှုသည် ဆိုးရွားစွာဖြင့် ကာလရှည်ကြာလျက်ရှိခြင်းကြောင့် အဆိုပါဝန်ထမ်း(၇၀)ရာခိုင်နှုန်းအား လစာမဲ့ခွင့်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ ခွင့်ပေးထား ရဦးမည်ဖြစ်ကြောင်း (၃-၃-၂၀၂၁) ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

Source: The Korea Times

(ဝင်းပပသူ၊စီးပွားရေးသံမှူး)