ဆိုးလ်မြို့တွင်ပြုလုပ်ခဲ့သော POSCO ကုမ္ပဏီ၏နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် လက်ရှိဥက္ကဌဖြစ်သူ Mr. Choi Jeong-woo အား ၎င်း၏ ဒုတိယသက်တမ်းအတွက် အစုရှယ်ယာရှင်များ အားလုံးက သဘောတူ အတည်ပြုခဲ့သည့်အတွက် Mr. Choi Jeong-woo သည် POSCO နှင့်၎င်း၏ မိတ်ဖက်ကုမ္ပဏီများကို ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဥက္ကဌအဖြစ် ဆက်လက်ဦးဆောင်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။
Mr. Choi Jeong-woo ကို POSCO ဥက္ကဌအဖြစ် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ခန့်အပ်ခဲ့ပြီး POSCOဘုတ်အဖွဲ့မှ နောက်ထပ်သုံးနှစ်သက်တမ်းအတွက် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ထောက်ခံ ခဲ့ပါသည်။ နိုင်ငံရေး သမားများနှင့်လူထုအုပ်စုများပါဝင်သော POSCO ၏အကြီးဆုံး အစုရှယ်ယာရှင် National Pension Service (NPS)၏ ကန့်ကွက်မှုများကြောင့် မရေရာမှုနှင့် မငြိမ်သက်မှုများကြားမှပင် Mr. Choi Jeong-woo သည် POSCO ဥက္ကဌရာထူးဒုတိယသက်တမ်းကို ဆက်လက်ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ပါသည်။
POSCO သည် စျေးကွက်ဝယ်လိုအားကို ဂေဟစနစ်နှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ကျပေးနိုင်မည့် Eco Friendly Vehicle မော်တော်ယာဉ်များနှင့် ဆောက်လုပ်ရေးပစ္စည်းများအတွက် ပိုမိုအာရုံစိုက် သွားမည်ဖြစ်ကြောင်း၊ POSCO မိတ်ဖက်ကုမ္ပဏီများသည် သဘာဝဓာတ်ငွေ့ (LNG) နှင့် စားနပ်ရိက္ခာရောင်းဝယ်မှုကဲ့သို့သောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများကိုတိုးချဲ့သွားမည်ဖြစ်ပြီး Rechargable Battery များအတွက် ကုန်ကြမ်း လုပ်ငန်းများကိုပံ့ပိုးပေးနိုင်သည့် နိုင်ငံတကာလျှပ်စစ် မော်တော်ယာဉ်ထောက်ပံ့ရေးကွင်းဆက်တွင် ထိပ်တန်းကုမ္ပဏီများစာရင်းတွင် ပါဝင်လာစေရေး ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးသမားများ နှင့်လူထုအုပ်စုများက တောင်းဆိုခဲ့သည့် လုပ်ငန်းခွင် လုံခြုံမှုကိုတိုးတက်စေရေးအတွက်လည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝပတ် ဝန်းကျင်၊ လူမှုရေးနှင့်ကော်ပိုရေးရှင်းဆိုင်ရာအုပ်ချုပ်မှု (ESG) စံနှုန်းများကို လိုက်နာခြင်းဖြင့် ဘေးကင်း ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥက္ကဌ Mr. Choi Jeong-woo က ကတိကဝတ်ပြု ပြောကြားခဲ့ပါသည်။ POSCO ၏ရှယ်ယာရှင်များသည် ကုမ္ပဏီ၏ဘုတ်အဖွဲ့တွင် ESG ကော်မတီတစ်ခု တည်ထောင်ရန်၊ ကော်မတီအား ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စများအား စုံစမ်းစစ်ဆေးရန်တို့ကို အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
ဂေဟစနစ်နှင့်သက်ဆိုင်သည့်စီးပွားရေးစီမံကိန်းများတွင်ပိုမိုရင်းနှီးမြှုပ်နှံရန် တောင်ကိုရီးယား နိုင်ငံအစိုးရ၏အာရုံစိုက်မှုနှင့်အညီ POSCO ဥက္ကဌ Choi သည် ဘက်ထရီပစ္စည်းကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများတွင် ပိုမို ရင်းနှီးမြှုပ်နှံသွားရန်မျှော်မှန်းထားကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လတွင် POSCO Chemical သည် ၁ဒသမ၂၇ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်၍ ၎င်း၏ ရှယ်ယာရှင် များကို အခွင့်အရေးအသစ်များခွင့်ပြုခဲ့ကြောင်း၊ ထို့နောက် ကုန်ထုတ်လုပ်မှု အနေဖြင့်လည်း ၂၀၂၃ ခုနှစ်တွင် Cathode ကုန်စည်အား (၁၂၄,၀၀၀) တန်၊ Anode ကုန်စည်အား ၁၂၁,၀၀၀ တန် အသီးသီးဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး လျာထားစီစဉ်လျက်ကြောင်း သိရှိရပါသည်။
ထို့အပြင် POSCO မှ ၂၀၃၀ ခုနှစ်တွင် လစ်သီယမ် (lithium) နှစ်စဉ်ထုတ်လုပ်နိုင်မှု အရေ အတွက် ၂၂၀,၀၀၀ တန် နှင့် နီကယ် (Nickel) ၁၀၀,၀၀၀ တန် တိုးမြှင့်နိုင်ရေး စီစဉ်ထားကြောင်း၊ ၎င်း တို့ကို ပေါင်းစပ် လိုက်သောအခါ ၂၀၃၀ ခုနှစ်တွင် ဘက်ထရီပစ္စည်းများရောင်းဝယ်မှုမှသည် ကိုရီးယား ဝမ် (၂၃) ထရီလီယံကိုရရှိနိုင်လိမ့်မည်ဟု POSCO ကုမ္ပဏီကယုံကြည်မျှော်လင့်ထားလျက်ရှိပါသည်။ ဟိုက်ဒရိုဂျင် စီးပွားရေးလုပ်ငန်းအတွက် ဥက္ကဌ Choi သည် ၂၀၅၀ ခုနှစ်တွင် ဟိုက်ဒရိုဂျင်တန်ချိန် ၅ သန်းထုတ်လုပ် ရန်ရည်မှန်းချက်ပြည့်မီစေရေး မူလကတိကဝတ်ကို ထပ်လောင်းအတည်ပြုပြောကြား ခဲ့ပါသည်။ POSCO Group မှ ၂၀၂၀ ပြည့်နှစ်တွင် ဝင်ငွေ ကိုရီးယားဝမ် ၉၀ ထရီလီယံ ရရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် ၎င်း၏ မိတ်ဖက်အုပ်စုကုမ္ပဏီအားလုံးမှ ဝင်ငွေစုစုပေါင်း ကိုရီးယားဝမ် ၁၀၂ ထရီလီယံ ရရှိနိုင် ရန်မျှော်မှန်းထားပါသည်။
POSCO ဥက္ကဌ Choi ၏ပထမဆုံးသက်တမ်းတွင် POSCO Group သည် စွမ်းဆောင်ရည် နိမ့်သောလုပ်ငန်းအုပ်စုများကိုပြန်လည်ဖွဲ့စည်းခြင်းနှင့်တိုးတက်မှုအခွင့်အလမ်းသစ်များကိုရှာဖွေခြင်းအပေါ်အာရုံစူးစိုက်ခဲ့ပြီး၊ ယခု ၎င်း၏ဒုတိယသက်တမ်းတွင် တိုးတက်မှုနှုန်းအသစ် စီးပွားရေးလုပ်ငန်းများမှ ရလဒ်ကောင်းများကို ပိုမိုတွေ့မြင်နိုင်လိမ့်မည်ဟု POSCO မှပြောရေးဆိုခွင့်ရှိသူအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ပါသည်။
(ဝင်းပပသူ၊စီးပွားရေးသံမှူး)