Main menu

Background

ကိုရီးယားသင်္ဘောတည်ဆောက်သူများအတွက် ရေနံတူးစင်တည်ဆောက်မှုလုပ်ငန်းများသည် စွန့်စားရမှု အခြေအနေများဖြစ်ပေါ်လျက်ရှိ

Tue, 03/23/2021 - 10:27 -- journal_editor

            ကိုရီးယားသမ္မတနိုင်ငံရှိ သင်္ဘောတည်ဆောက်သူများသည် ရေနံစျေးနှုန်းများကျဆင်းမှုကြောင့် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော ရေနံတူးဖော်ရေးစင်တည်ဆောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ပြဿနာများ ရင်ဆိုင်ရ လျက်ရှိပြီး၊ ယင်းကြောင့် ထိုကမ်းလွန်ရေယာဉ်များဆောက်လုပ်ခြင်းအပေါ် အဓိက မှီခိုနေသည့် ကုမ္ပဏီများအပေါ် ဆိုးကျိုးသက်ရောက်စေခဲ့ပါသည်။

          Samsung Heavy Industries က ဆွီဒင်ကုမ္ပဏီ Stena ထံမှရရှိသောငွေပေးချေမှုကို ပြန်လည် ပေးဆပ်ရန် ဗြိတိန်နိုင်ငံ၏ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ရန် စီစဉ်နေသည်ဟု (၈-၃-၂၀၂၁) ရက်နေ့ကထုတ်ဖော်ပြောကြားခဲ့ပါသည်။ ကမ္ဘာ့အကြီးဆုံး ခုံသမာဓိအဖွဲ့တစ်ခုဖြစ်သည့် လန်ဒန် အပြည်ပြည်ဆိုင်ရာခုံသမာဓိ စီရင်ဆုံးဖြတ်ခြင်းဆိုင်ရာတရားရုံး (LCIA) က Stena ၏တူးဖော်ရေးအမိန့် ဖျက်သိမ်းခြင်းကို ထောက်ခံသည့်အနေဖြင့် Samsung အား ကြိုတင်ပေးချေငွေ ကိုရီးယားဝမ် ၄၆၃ဒသမ၂ ဘီလီယံအမေရိကန်ဒေါ်လာ ၄၀၉ဒသမ၇ သန်း  ကိုပြန်ပေးရန် အမိန့်ချမှတ်ခဲ့ရာ Samsung ကုမ္ပဏီအနေ ဖြင့်တရားရုံး၏ဆုံးဖြတ်ချက်အား သဘောမတူကြောင်းနှင့် အယူခံဝင်ရန်လိုအပ်သည့် စာရွက်စာတမ်း များကို ပေးပို့သွားရန်အစီအစဉ်ရှိကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

           ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် Samsung Heavy သည် အမေရိကန်ဒေါ်လာ ၇၂၀ သန်းတန် သဘောတူညီမှုစာချူပ် ချုပ်ဆိုဆောင်ရွက်ခဲ့ပြီး၊ ကြိုတင်ငွေပေးချေမှု ၃၀ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၁၆ သန်းကိုလက်ခံရရှိပြီးနောက် ကမ်းလွန်ရေနံ/ သဘာဝဓါတ်ငွေ့တူးစင် (Semi-submersible Drilling Rig) ကို စတင်ဆောက်လုပ်ခဲ့ကြောင်း၊ Stena ၏သင်္ဘောဒီဇိုင်းကိုပြောင်းလဲရန် မကြာခဏတောင်းဆိုမှုများကြောင့် လုပ်ငန်းများ နှောင့်နှေးခဲ့ရသည်ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းကာလ ကိုတိုးမြှင့်ပေးရန်နှင့် ထပ်တိုးကုန်ကျငွေများကို Stena မှပေးချေရေးတောင်းဆိုရန်ကစီစဉ်ခဲ့ကြောင်း၊ ထို့နောက် Stena သည်လုပ်ငန်းပြီးစီးရမည့် နေ့ရက်ကျော်လွန် နေကြောင်းအကြောင်းပြ၍ စာချုပ်ကို ဖျက်သိမ်းကာ ခုံသမာဓိရုံးသို့တိုင်ကြားခဲ့ကြောင်း၊ သို့ရာတွင်ထိုကဲ့သို့ Stena၏လုပ်ငန်းစာချူပ်ဖျက်သိမ်း မှုသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် ရေနံစိမ်းစျေးနှုန်းများကျဆင်းခြင်းတို့ကြောင့် ဖြစ်သည်ဟု Samsung Heavy ကယူဆကြောင်း၊ သို့ဖြစ်၍ Samsung အနေဖြင့် ကြိုတင်ပေးချေမှုကို ပြန်ပေးရန်မလို သည့်အပြင် ဒီဇိုင်းပြောင်းလဲမှုများနှင့် အချိန်နှောင့်နှေးမှုများအတွက် ထပ်တိုးကုန်ကျစရိတ်များအတွက် အခကြေးငွေပင် ထပ်မံတောင်းခံယူပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့ပါသည်။

           ၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် West Texas Intermediate (WTI) ရေနံတစ်စည်လျှင် ဒေါ်လာ ၁၀၀ ခန့်ကျသင့်သော်လည်း၊ ၂၀၁၅ ခုနှစ်တွင် ထက်ဝက်နီးပါးကျဆင်းသွားပြီး ၂၀၁၅ နှောင်းပိုင်းတွင် တစ်စည်လျှင် ၃၇ ဒေါ်လာသို့ ကျဆင်းသွားခဲ့ကြောင်း၊ အဆိုပါ တရားရေးအမှုနှင့်စပ်လျဉ်း၍  Samsung Heavy သည် ၎င်း၏ ၂၀၂၀ ငွေစာရင်းရှင်းတမ်းအရ ဆုံးရှုံးခဲ့ရသည့် ကိုရီးယားဝမ် ၁၉၂ဒသမ၅ ဘီလီယံ အပြင် ထပ်တိုး ကိုရီးယားဝမ်၂၈၇ဒသမ၇ ဘီလီယံ ဖြစ်ကြောင်း သိရှိရပါသည်။

        ဒေဝူးသင်္ဘောတည်ဆောက်ရေးနှင့်ရေကြောင်းအင်ဂျင်နီယာ (Daewoo Shipbuilding & Marine Engineering -DSME) သည်လည်း အမေရိကန် Drillship Client Valaris နှင့် အမေရိကန်ဒေါ်လာ ၁ဒသမ၂ ဘီလီယံတန်ဖိုးရှိ အငြင်းပွားမှုအား ရင်ဆိုင်ဖြေရှင်းရလျက်ရှိပါသည်။ DSME သည် ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ဒသမ၂ ဘီလီယံဖြင့် စစ်ရေးလေ့ကျင့်ခန်း နှစ် ခုတည်ဆောက်ရန် Valris နှင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ ထို့နောက် ကုမ္ပဏီနှစ်ခုတို့သည်  ရေနံ/ သဘာဝဓါတ်ငွေ့တူးဖော်ရေး သင်္ဘောနှစ်စီး တည်ဆောက်ခြင်းလုပ်ငန်းအား ပြီးစီးအပ်နှံရမည့်ရက်ကို မူလရက်ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့သို့ ရွှေ့ဆိုင်းရန် သဘောတူညီခဲ့ကြကြောင်း၊ ၇၅ ရာခိုင်နှုန်း ငွေပေးချေမှုကို လက်ခံရရှိခဲ့ပြီး ကျန်ရှိ အမေရိကန်ဒေါ်လာ ၃၀၀ သန်းကို လုပ်ငန်းပြီးစီး အပ်နှံသည့် အချိန်တွင်ပေးချေရမည့်ဖြစ်သော်လည်း Valaris က ယခင်နှစ်တွင် ဒေဝါလီခံယူရန် တင်ပြခဲ့ကြောင်း၊ လုပ်ငန်းအပ်နှံမည့်ရက်သာ ရွှေ့ဆိုင်းထားခြင်းမရှိခဲ့လျှင် DSME အနေဖြင့် မရေရာသော ရေနံစျေးကွက် အနေအထားကြောင့် ၎င်း၏ကုန်စည်ကို လျှော့စျေးဖြင့် ဝယ်ယူမည့် ဝယ်သူအသစ်များကို ရှာဖွေရဖွယ် ရာရှိကြောင်း သိရှိရပါသည်။  

           သို့ဖြစ်၍ လက်ရှိကာလတွင် ကိုရီးယားသင်္ဘောတည်ဆောက်သူများအတွက် ရေနံတူးစင်များ တည်ဆောက်မှုသည် စွန့်စားမှုဖြင့်လုပ်ကိုင်ရလျက်ရှိသည့် အခြေအနေပင် ဖြစ်ပါသည်။

Source: The Korea Times

(ဝင်းပပသူ၊စီးပွားရေးသံမှူး)