Main menu

Background

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဘရာဇီးလ်နိုင်ငံတွင် အလုပ်အကိုင်နေရာ ၂၆၀,၃၅၃ နေရာရရှိ

Tue, 03/23/2021 - 11:51 -- journal_editor

             ဘရာဇီးလ်နိုင်ငံတွင် ယခုနှစ်၏ပထမလအတွင်း အလုပ်အကိုင်နေရာပေါင်း ၂၆၀,၃၅၃ နေရာဖြစ်ပေါ်ခဲ့ကြောင်း၊ ဇန်နဝါရီလအတွင်းခန့်အပ်ခဲ့သည့် အလုပ်နေရာပေါင်း ၁,၅၂၇,၀၈၃ နေရာနှင့် လုပ်ငန်းပိတ်သိမ်း၍ ဆုံးရှုံးခဲ့သည့်အလုပ်နေရာပေါင်း ၁,၂၆၆,၇၃၀ နေရာ ရှိခဲ့ကြောင်း New General Register of Employees and Unemployed (Novo Caged)က ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားသည်။ အဆိုပါစာရင်းများအရ အလုပ် အကိုင်ရရှိမှုသည် ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် အများဆုံးအခြေအနေဖြစ် သတ်မှတ်နိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

              လုပ်ငန်းများအခြေအနေတိုးတက်ကောင်းမွန်လာမှုသည် ဘရာဇီးလ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာမှုကို ညွှန်ပြနေကြောင်း စီးပွားရေးဝန်ကြီး Paulo Guedes က သတင်းဌာနသို့ ပြောကြားခဲ့သည်။ ထို့အပြင် ဗဟိုဘဏ်၏လုပ်ငန်းဆောင်ရွက်မှု အညွှန်းကိန်းများ၊ ပြည်သူများ အလုပ် အကိုင်ရရှိမှုအညွှန်းကိန်းများနှင့် ပြည်တွင်းအခွန်ကောက်ခံရရှိမှု အညွှန်းကိန်းများသည် ဘရာဇီးလ် နိုင်ငံ၏စီးပွားရေး ပြန်လည်တိုးတက် ကောင်းမွန် လာသည့် လက္ခဏာများဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံသားများ၏ ပုံမှန်ဝင်ငွေရရှိမှုနှင့် အလုပ်အကိုင်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးတို့အတွက် ယခင်နှစ် ကဆောင်ရွက်ပေးခဲ့သည့် အလုပ်အကိုင်နေရာပေါင်း ၁၁ သန်းနှင့် စာချုပ်ချုပ်ဆိုမှု ပေါင်း ၂၀ သန်း ပါဝင်သည့် အရေးပေါ်အစီအစဉ်၏အရေးပါမှုအား ဝန်ကြီးကထောက်ပြပြောဆိုခဲ့ကြောင်း သတင်း တွင် ‌ဖော်ပြထားသည်။

              နိုင်ငံ့စီးပွားရေးအပေါ် ကိုရိုနာဗိုင်းရပ်စ်၏အကျိုးသက်ရောက်မှုကြောင့် ပြည်သူများ အလုပ် အကိုင်ဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ယခုအစီအစဉ်(Preservation of Income and Employment - BEm)ကို ရေးဆွဲလုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါအစီအစဉ်တွင် အလုပ်ချိန်လျှော့ချရေး၊ အချိုးကျလုပ်ခလစာသတ်မှတ်ရေး သို့မဟုတ် လုပ်ငန်းစာချုပ်ယာယီရပ်ဆိုင်း ထားရေးများနှင့်ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားအကြားတွင် သဘောတူညီမှုရရှိ ရေးများပါဝင် ကြောင်း စီးပွားရေးဝန်ကြီး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

              ထို့အပြင် အလုပ်အကိုင်များဆက်လက်တည်မြဲရေးအတွက် ၎င်းအစီအစဉ်(BEm)ကို တက်တမ်းတိုးမြှင့်ဆောင်ရွက်ရန် အစိုးရအတွင်းလေ့လာသုံးသပ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်ရရှိရေးအတွက် အလုပ် နေရာလွတ်သည်အထိစောင့်ဆိုင်းနေရခြင်း၊ အလုပ်ဖြုတ်ခြင်းအတွက် လျှော်ကြေးငွေဘရာဇီးဟဲရာ ၁၁၀၀ ပေးလျှော်ခြင်းနှင့် အနည်းဆုံး ၅ လအထိ အလုပ်အာမခံချက် အစား ၁၁ လ အထိ အလုပ်အာမခံရရှိရေး၊ လုပ်ငန်းခွင်တွင် လုပ်ကိုင်နေစဉ် ဘရာဇီးလ်ဟဲရာ ၅၀၀ ရရှိရေးတို့အား ညှိနှိုင်းဆောင်ရွက်နေကြောင်း ဝန်ကြီး၏ ရှင်းလင်းပြောကြားမှုအား ဖော်ပြထားသည်။

              ဘရာဇီးလ်နိုင်ငံတွင် အလုပ်အကိုင်နေရာများဖန်တီးပေးနိုင်မည့် လုပ်ငန်းကဏ္ဍ ၅ ခုကို Caged ကထုတ်ပြန်ကြေညာခဲ့ကြောင်း၊ စက်မှုလုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင် ၉၀,၄၃၁ နေရာရှိပြီး ၎င်းတို့မှ ၈၇,၁၆၂ နေရာသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍတွင် အလုပ်အကိုင် ၈၃,၆၈၆ နေရာ ရှိပြီး ၎င်းတို့မှ ၅၅,၈၉၆ နေရာသည် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများတွင်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး ကဏ္ဍတွင် အလုပ်အကိုင် ၄၃,၄၉၈ နေရာဖြစ်ကြောင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေလုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင် ၃၂,၉၈၆ နေရာဖြစ်ပြီး စက်ပြင်နှင့်ကုန်သွယ်ရေးကဏ္ဍတွင် အလုပ်အကိုင် ၉၈၄၈ နေရာတို့ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။ ထို့အပြင် ပျမ်းမျှလုပ်ခ လစာအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဘရာဇီးဟဲရာ ၁၇၆၀.၁၄ ရရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက ဟဲရာ ၂၀.၀၆ ပိုမိုရရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်၊စီးပွားရေးသံမှူး)

သတင်းရင်းမြစ် - Brazil generates 260,353 formal jobs in January, www.gov.br