Main menu

Background

ပေပုပင်လယ်ကွေ့နှင့် အာဆီယံတို့အကြား သစ်သီးဝလံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ် ထပ်မံဖွင့်လှစ်

Wed, 03/24/2021 - 13:31 -- journal_editor

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီး (ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အား ဆက်သွယ်ပေးထားသည့် သစ်သီးဝလံ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းတစ်ရပ်အား တရားဝင်စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။ 

Wanhaiလိုင်း၊ Yang Mingရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် Maerskလိုင်း တို့ ပူးပေါင်းပြေးဆွဲသည့် သင်္ဘောလမ်းကြောင်းအား အသုံးပြုထားသည့် ကမ္ဘောဒီးယား နိုင်ငံမှ သစ်သီးဝလံများ တင်ဆောင်လာသည့်သင်္ဘောမှာ မကြာသေးမီက ချင်းကျိုး ဆိပ်ကမ်းသို့  ဆိုက်ရောက်ခဲ့သည်ဖြစ်ရာ  ပေပုပင်လယ်ကွေ့ဆိပ်ကမ်းနှင့် အာဆီယံနိုင်ငံ များအကြား တတိယမြောက် သစ်သီးဝလံသယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖွင့်လှစ်မှု အဖြစ် မှတ်တမ်းတင်နိုင်ပြီဖြစ်ပါသည်။

၎င်းကုန်သေတ္တာတင်သင်္ဘောမှာ ချင်းကျိုးဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ကျဲ့ကျန်း ပြည်နယ်ရှိ နင်းဘို၊ ရှန်ဟိုင်း၊ ကမ္ဘောဒီးယားရှိ Sihanoukvilleနှင့်  ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ LaemChabangတို့ထံ ဆိုက်ရောက်ခဲ့ကာ ကုန်သေတ္တာသယ်ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

သင်္ဘောတစ်စီးလျှင် ပေ(၂၀)ရှည်လျားသည့် ကုန်သေတ္တာအလုံးရေ (TEU)(၁,၈၀၀)ကို သယ်ဆောင်ပေးနိုင်စွမ်းရှိသော  သင်္ဘော(၃)စီးအား ဤလိုင်းအတွက် အသုံးပြုသွားမည်ဖြစ်ကာ၊ အပတ်စဉ်သောကြာနေ့တိုင်း ထွက်ခွာမည်ဖြစ်ပါသည်။

  ကမ္ဘောဒီးယားနိုင်ငံ၏ Sihanoukvilleမှ သစ်သီးဝလံများအား ကွမ်ရှီး၏ ပေပု ပင်လယ်ကွေ့ဆိပ်ကမ်းသို့ (၇)ရက်အတွင်း အရောက်ပို့ဆောင်နိုင်မည်ဖြစ်ကာ၊ ၎င်းနောက် ပင်လယ်ရေကြောင်းနှင့် ရထားလမ်းတို့အား ဆက်သွယ်ထားသည့် ကုန်သေတ္တာတင် ရထားများဖြင့် အာရှနှင့် ဉရောပနိုင်ငံများ၏ ဈေးကွက်များသို့ ဆက်လက်ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

ပေပုပင်လယ်ကွေ့ဆိပ်ကမ်းအုပ်စု အကြီးအကဲ၏ ပြောကြားချက်အရ ကွမ်ရှီး နှင့် အာဆီယံတို့အကြား သစ်သီးဝလံ သယ်ယူပို့ဆောင်မှုလမ်းကြောင်းများမှာ အာဆီယံ နိုင်ငံများ၏ စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာ ဝယ်လိုအားများနှင့် တရုတ်နှင့်အာဆီယံ တို့အကြား နီးကပ်သောကုန်သွယ်ဆက်ဆံမှုတိုးပွားလာသည်နှင့်အမျှ ပိုမိုလမ်းကြောင်းပွင့် လာကြောင်း၊ ပထမဆုံး သစ်သီးဝလံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှာ ထိုင်းနိုင်ငံနှင့် ဖြစ်ကာ (၂၀၁၇)ခုနှစ်အတွင်း စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

ပေပုပင်လယ်ကွေ့ဆိပ်ကမ်း၏ သစ်သီးဝလံ တင်ပို့တင်သွင်းသည့်လုပ်ငန်း များမှာ (၂၀၁၇) ခုနှစ်မှစ၍ နှစ်စဉ် ပျမ်းမျှ (၁၅၁)ရာခိုင်နှုန်း တိုးတက်လာလျက် ရှိပါသည်။

တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ပင်လယ်ရေကြောင်းပို့ဆောင်မှု နည်းလမ်းဖြင့် သစ်သီးဝလံတင်ပို့မှုများ များပြားလာသည်ကို တွေ့ရပါသည်။ မြန်မာ နိုင်ငံမှလည်း ကုန်သွယ်မှုအများဆုံးပြုလုပ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု လမ်းကြောင်းများ ပိုမိုထွက်ပေါ်လာစေရန်အလို့ငှာ ၎င်းလမ်းကြောင်းများဖြင့် ချိတ်ဆက် နိုင်စေရန်ကြိုးစားခြင်း (သို့မဟုတ်) မိမိနိုင်ငံ၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံနှင့် ကုန်တင် သင်္ဘောလိုင်းများ ပုံမှန်ပြေးဆွဲပေးနိုင်ရန် စီစဉ်ခြင်းတို့အား စတင်စီစဉ်ဆောင်ရွက်သင့် ပြီဖြစ်ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၆-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နန်နင်းမြို့