Main menu

Background

ယခုနှစ် ပထမနှစ်လအတွင်း ကွမ်ရှီး၏ ပို့ကုန်သွင်းကုန်ပမာဏ တိုးတက်များပြားခဲ့

Wed, 03/24/2021 - 13:34 -- journal_editor

ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ပို့ကုန်သွင်းကုန်ပမာဏမှာ ယွမ်ငွေ (၈၅.၈၈) ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃.၂၃ ဘီလီယံ)ရှိခဲ့ကာ ယခင်နှစ်ကထက် (၆၈.၈)ရာခိုင်နှုန်း တိုးတက်လာခဲ့သည် ဟု နန်နင်းအကောက်ခွန်ဌာန၏ မတ်လ (၁၆)ရက်နေ့တွင် ကြေညာချက်အရ သိရှိရပါသည်။

အာဆီယံမှာ ကွမ်ရှီး၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကာ အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ ယွမ်ငွေ (၄၄.၅၇)ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ကထက် (၉၈.၂)ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပါသည်။

 ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ အိမ်ထောင်သုံးပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ တင်ပို့ခဲ့မှုများမှာ  (၂၉၉.၁)ရာခိုင်နှုန်းနှင့် (၄၈.၆)ရာခိုင်နှုန်း အသီးသီးတိုးတက်များပြားခဲ့ပါသည်။ နှာခေါင်းစည်းအပါအဝင် အထည် စများ တင်ပို့ခဲ့မှုမှ ယွမ်ငွေ (၃.၂၆)ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်ကထက် (၁၆၁.၈) ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်ကို တွေ့ရပါသည်။

တစ်ချိန်တည်း၌ ကွမ်ရှီး၏ နယ်စပ်ကုန်သွယ်ရေးနှင့် အကောက်ခွန်စည်းကြပ် မှုအောက်၌ရှိသည့် ကုန်စည်ပို့ဆောင်မှုများမှ အလုံးစုံ ပို့ကုန်သွင်းကုန်ပမာဏမှာလည်း ယခင်နှစ်ကထက် နှစ်ဆများပြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၈-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နန်နင်းမြို့