Main menu

Background

တိရစ္ဆာန်အစာထုတ်လုပ်ရာတွင်ပြောင်းနှင့်ပဲပုတ်စေ့ကုန်ကြမ်းအသုံးပြုမှု တရုတ်လျှော့ချမည်

Wed, 03/24/2021 - 13:38 -- journal_editor

တိရစ္ဆာန်အစာထုတ်လုပ်ရာတွင် ပြောင်းနှင့်ပဲပုတ်စေ့ကုန်ကြမ်းအသုံးပြုမှုကို လျှော့ချနိုင်ရေးအတွက်တရုတ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနက ဦးဆောင်လှုံ့ဆော်လျက်ရှိကြောင်း၊ အဆိုပါလှုံ့ဆော်မှုသည် ကမ္ဘာ့ကောက်ပဲသီးနှံကုန်သွယ်မှုအပေါ်တွင် ကြီးမားသောဆိုးကျိုးများရိုက်ခတ်နိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

              တိရိစ္ဆာန်အစာထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအစိုးရဌာနများသို့ စိုက်ပျိုး ရေးဝန်ကြီးဌာနကပေးပို့သောအကြောင်းကြားစာတွင် ပြောင်းနှင့်ပဲပုတ်စေ့နေရာတွင် အစားထိုးအသုံးပြုနိုင် မည့်အခြားသီးနှံ များနှင့်ပတ်သက်သော လမ်းညွှန်လက်စွဲစာစောင်ကို ၂၀၂၁ ခုနှစ်၊ မတ်လကုန်တွင်အစာအဟာရဆိုင်ရာကျွမ်းကျင်သူများကစတင်ရေးသားပြုစုမည့်အစီအစဉ်ကို ဖော်ပြထားကြောင်း သတင်းတွင်ရေးသားထားသည်။

              သဘောထားမှတ်ချက်များအပေါ်တွင် စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနက ချက်ချင်းတုန့်ပြန်ဆောင်ရွက်ခြင်းမရှိသေးကြောင်း၊ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုနှင့်မလုံလောက်သဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်မှုတွင် ပြောင်းနှင့်ပဲပုတ်ကုန်ကြမ်းဈေးနှုန်းများစံချိန်တင်မြင့်တက်လာမှုကြောင့် အဆိုပါထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနကထုတ်ပြန်သည့်စာကြောင့် ကမ္ဘာပေါ်တွင် ပြောင်းဒုတိယအများဆုံး သုံးစွဲသည့်နိုင်ငံအဖြစ်မှ ပြောင်းတင်သွင်းမှုပိုမိုခုန်တက်သွားနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

              အကောက်ခွန်စာရင်းများအရ တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ၂ လအတွင်း ပြောင်းတန်ချိန် ၄.၈ သန်း တင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄၀၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကြောင်း၊ အလားတူပင် ဂျုံနှင့်နှံစားပြောင်းတင်သွင်းမှုမှာလည်း တိုးတက်လျက်ရှိ နေကြောင်း သတင်းတွင်ဖော်ပြထားသည်။

              တရုတ်အစိုးရ၏အစားအစာဘေးကင်းလုံခြုံရေးအပေါ် အလေးထားချမှတ်လုပ်ဆောင်နေချိန်တွင်ပြောင်းနှင့်ပဲပုတ်စေ့လျှော့ချသုံးစွဲရေးလှုံ့ဆော်မှု ထွက်ပေါ်လာခဲ့သည်။ထို့အပြင်ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွား မှုနှင့်အတူသွင်းကုန်တင်သွင်းမှုနှင့်သွင်းကုန်ဈေးကွက်များခိုင်မာတည်ငြိမ်ရေးအပေါ်တွင် စိုးရိမ်စိတ်များမြင့်တက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

              ဝန်ကြီးဌာန၏ ပြောင်းနှင့်ပဲပုတ်စေ့လျှော့ချသုံးစွဲရေးနှင့် သီးနှံအစားထိုး၍ တိရိစ္ဆာန်အစာထုတ်လုပ်ရေးအစီအစဉ်များကြောင့် ရိုက်ခတ်လာနိုင်မည့်ဆိုးကျိုးများကိုမခန့်မှန်းနိုင်ကြောင်း၊လက်တွေ့ဆောင်ရွက်မှုများတွင် အခက်အခဲများစွာရှိကြောင်း ဝန်ဆောင်မှုအကြံပေးကုမ္ပဏီ StoneX မှ သုတေသနပညာရှင် Darin Friedrichs က ပြောကြားခဲ့သည်။

              အခြား ပရိုတိန်းကြွယ်ဝသည့်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးထုတ်လုပ်မှုသည် ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်သည့်ပမာဏနှင့်နှိုင်းယှဉ်ပါကအလွန်နည်းပါးကြောင်း၊ဘရာဇီးလ်နိုင်ငံမှ တရုတ်နိုင်ငံသို့ ပဲပုတ်စေ့အပတ်စဉ် တင်ပို့မှု မှာလည်း တန်ချိန် ၂ သန်းကျော်ရှိပြီဖြစ်ကြောင်းနှင့်ပဲပုတ်စေ့ကိုသာ အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းFriedrichs က သတင်းဌာနသို့ပြောကြားခဲ့သည်။

              တိရိစ္ဆာန်အစာထုတ်လုပ်မှုအတွက် သီးနှံကုန်ကြမ်းလိုအပ်ချက်နှင့် စိုက်ပျိုးထွက်ရှိသည့် ပမာဏ မျှတစေလိုကြောင်း၊ ဆန်ကိုကုန်ကြမ်းအဖြစ်အသုံးပြုမှုကို တိုးမြှင့်လိုကြောင်းနှင့် ပြောင်းနှင့်ပဲပုတ်စေ့အသုံးပြုခြင်းအစား ဂျုံနှင့်အခြားနှံစားသီးနှံများကို အစားထိုးအသုံးပြုစေလိုကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ ပြောကြားချက်အား သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - China to reduce volume of corn and soybean meal used in animal feed, sources say, The Reuters