Main menu

Background

ဂျပန်ကုမ္ပဏီများ၏ ၇၀ % သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းပြည်ပစီးပွားရေးမဟာဗျုဟာကိုပြန်လည် စဉ်းစားမည်ဟုသိရ

Thu, 03/25/2021 - 13:09 -- journal_editor

မကြာသေးမီကကြေညာခဲ့သောစစ်တမ်းအရပြည်ပစီးပွားရေးများကိုလုပ်ကိုင်ဆောင်ရွက်ရန် စိတ်အားထက်သန်ကြသည့်ဂျပန်ကုမ္ပဏီများ၏ ၇၀% သည် ကမ္ဘာတစ်ဝှမ်းလုံးကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေမှုကြောင့်  ၎င်းတို့၏ စီးပွားရေးမဟာဗျူဟာများကို ပြန်လည်စဉ်းစား သုံးသပ်နေပါသည်။

          JETRO အဖွဲ့အစည်း၏ပြောကြားချက်အရပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေသောကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် ပြည်ပတွင် စီးပွားရေး လုပ်ကိုင်နေသောဂျပန်ကုမ္ပဏီများ၏ ၆၄.၈ % သည် ၂၀၂၁ ခုနှစ်၊ မတ်လကုန်တွင် ပြီးဆုံးမည့် ၂၀၂၀ဘဏ္ဍာနှစ်၏ ရောင်းအားအပေါ် သုံးသက်ချက်အရထိခိုက်နေကြောင်းသုံးသပ်ဖော်ပြထားသည်။

          ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါနှင့် ခရီးသွားမှုကန့်သတ်မှုများကြောင့် ဂျပန်နိုင်ငံရှိကုမ္ပဏီ များသည် ကူးစက်ရောဂါ၏ သက်ရောက်မှုကိုရင်ဆိုင်တုံ့ပြန့်နိုင်ရန်အတွက် စီးပွားရေးအစီအမံများကို ဆောင်ရွက်လျက်ရှိသည်။ အခြားကမ္ဘာလုံးဆိုင်ရာအကျပ်အတည်းဖြစ်သည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးပိုင်းတင်းမာမှုများအပြင် ထိုစီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခု၏ ပို့ကုန်ကန့်သတ်ချက် များသည်လည်း ဂျပန်ကုမ္ပဏီများအကြားစိုးရိမ်ပူပန်မှုများကိုဖြစ်ပေါ်စေပါသည်။

          စစ်တမ်းအရဂျပန်ကုမ္ပဏီများ၏ ၃၆.၄ % ခန့်သည် လာမည့် နှစ်နှစ်မှ သုံးနှစ်အတွင်း တရုတ်နိုင်ငံမှ ပို့ကုန်စည်းမျဉ်းစည်းကမ်းများ ပိုမိုတင်းကြပ်လာနိုင်မှုအပေါ် ပူပန်နေကြပြီး၊ ၃၂.၆ % ခန့်သည် အမေရိကန်နိုင်ငံမှ အလားတူပို့ကုန်ပိုင်းတင်းကျပ်လာနိုင်သည့်အရေးအပေါ် စိုးရိမ်နေကြကြောင်းသိရသည်။ အစားအစာ၊အ၀တ်အထည်၊ လျှပ်စစ်ပစ္စည်းနှင့်စက်ယန္တရားများစသည်ဖြင့် အမျိုးမျိုးသောကဏ္ဍများနှင့်ပတ်သက်၍ကုမ္ပဏီ ၄၂.၅% က ရောင်းချမှုမဟာဗျူဟာများကိုပြန်လည်သုံးသပ်နေကြောင်းသိရပါသည်။ ထို့အပြင် ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ပြည်ပရောင်းချမှုတွင် အဝတ်အထည်၊ လက်လီရောင်းဝယ်မှုလုပ်ငန်းများကိုအဓိကထား၍သုံးသပ်ပါကပြည်တွင်းရောင်းချမှုထက် ၁၀ ဆကျော် (ပျမ်းမျှ ၃၈.၄% ခန့်) အထိကျဆင်းလာခဲ့ကြောင်းတွေ့ရသည်။

          လာမည့် ၃ နှစ်အတွင်းပြည်ပတွင် လုပ်ကိုင်ဆောင်ရွက်လိုကြသည့် ဂျပန်စီးပွားရေးလုပ်ငန်း များ၏ လုပ်ငန်းတိုးချဲ့လိုမှုအချိုးနှုန်းသည် ပြီးခဲ့သည့်နှစ်များထက် စံချိန်တင် ကျဆင်းနေသော်လည်း JETRO ၏ စစ်တမ်းအရပြည်ပတွင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ဆန္ဒရှိသောဂျပန်ကုမ္ပဏီများ၏ စိတ်အားထက်သန်မှုမှာမြင့်မားဆဲဖြစ်ကြောင်းသိရှိရပါသည်။

ရင်းမြစ်။            The Japan Times

နန္ဒာဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ တိုကျိုမြို့