Main menu

Background

နည်းပညာပိုင်း ပိုမိုတိုးတက်လာစေရေး start-ups လုပ်ငန်းများကို အားပေးသည့် စည်းမျဉ်းသစ်များ အား အီးယူအဆိုပြု

Tue, 03/30/2021 - 11:26 -- journal_editor

            နည်းပညာပိုင်းနှင့်ပတ်သက်၍ တရုတ်၊ အမေရိကန်တို့ကို လိုက်မီနိုင်စေရေးအတွက် အီးယူ အဖွဲ့ဝင်နိုင်ငံများ၏ start-ups လုပ်ငန်းများဆိုင်ရာ စံချိန်စံညွှန်းအသစ်များကို ဥရောပကော်မရှင်က အဆိုပြုခဲ့ကြောင်း သိရသည်။ အီးယူ၏ Start-up Nations Standard သည် ကမ္ဘာ့အနှံ့အပြားမှ နည်းပညာဆိုင်ရာပါရမီရှိသူများကို ဆွဲဆောင်နိုင်ရေးအတွက် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စတော့ခ် ဝယ်ယူခွင့်ပုံစံ (stock options) နှင့် လူဝင်မှုကြီးကြပ်ရေး၊ ဗီဇာ ဆိုင်ရာ ဥပဒေများကို ပြောင်းလဲရန် တောင်းဆိုထားသည်။ လက်ရှိအချိန်ထိ ဥရောပတစ်ဝန်းရှိ (၂၅) နိုင်ငံက ယင်းစံချိန်စံညွှန်းမူဘောင် ကို သဘောတူလက်မှတ်ရေးထိုးထားကြောင်းသိရသည်။

       ဥရောပတွင် တီထွင်ဆန်းသစ်မှုရှိသော အသေးစားနှင့်အလတ်စားလုပ်ငန်းများ အဖြစ်သို့ မြန်မြန်ဆန်ဆန် တိုးတက်သွားနိုင်သည့် start-ups လုပ်ငန်းများ ပိုမိုရှိလာရန်နှင့်  ၎င်းလုပ်ငန်းများ အနေဖြင့် ဥရောပ၏ digital sovereignty နှင့် strategic autonomy တို့ကိုအကျိုးပြုနိုင်သည့် ကော်ပိုရေးရှင်းလုပ်ငန်းကြီးများအဖြစ်သို့ တဖြည်းဖြည်းချင်း တိုးတက်လာရန်လိုအပ်သည်ဟု ဆိုသည်။  ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အီးယူ၏ နယ်ပယ်တိုင်းရှိ start-ups လုပ်ငန်းများ၏ ရှင်သန်ရပ်တည်မှု အဆင့်တိုင်းတွင် မျှတ၍အခွင့်သာသည့်အခြေအနေများရှိရန်လိုအပ်ကြောင်း အီးယူ၏ Start-up Nations Standard ကြေညာချက်တွင် ဖော်ပြထားသည်။

         ဥရောပတွင် နည်းပညာဆိုင်ရာလုပ်ငန်းကြီးများက start-ups လုပ်ငန်းများ ထွန်းကားလာ ရေးကို အကူအညီပေးနိုင်မည့် ပြုပြင်ပြောင်းလဲရေးများဆောင်ရွက်ရန် ကာလရှည်ကြာတောင်းဆိုခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ရှိ နည်းပညာကုမ္ပဏီများသည် ဥရောပရှိ အကြီးဆုံး နည်းပညာကုမ္ပဏီကြီးများထက် များစွာပို၍ကြီးမားသည်ဟု သိရသည်။ ဥရောပတွင် start-ups လုပ်ငန်းများနှင့်ပတ်သက်၍ အဓိကအားဖြင့် ထောက်ပြသည့်အချက်မှာ ၎င်းလုပ်ငန်းများရှိ ဝန်ထမ်း များက ကုမ္ပဏီ၏စတော့ရှယ်ယာကို ဝယ်ယူပိုင်ခွင့် (employee stock options) ဖြစ်သည်။ ယင်း နှင့်ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းများအား non-voting rights ဖြင့် စတော့ခ် ဝယ်ယူပိုင်ခွင့် ထုတ်ပေးခြင်းကို start-ups လုပ်ငန်းများအား ခွင့်ပြုပေးသင့်ကြောင်း Start-up Nations Standard ကြေညာချက်အရ သိရသည်။ ကုမ္ပဏီအသစ်တစ်ရပ် ထူထောင်ခြင်း လုပ်ငန်းစဉ်ကိုလည်း ကြာမြင့် ချိန်(၁)ရက် (fast-tracked) ဖြင့်ဆောင်ရွက်သင့်ပြီး၊ ကုန်ကျစရိတ်မှာ ယူရို(၁၀၀) အောက် (အမေရိကန်ဒေါ်လာ ၁၁၉) သာ ရှိသင့်ကြောင်း၊ ကမ္ဘာ့အနှံ့အပြားမှ ပါရမီရှိသူ နည်းပညာလုပ်သား များကိုဆွဲဆောင်ရန်အတွက် ဗီဇာ လျှောက်ထားခြင်းလုပ်ငန်းစဉ်ကိုလည်း ပိုမိုမြန်ဆန်အောင်ဆောင် ရွက်သင့်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

         ဂျာမနီနိုင်ငံအနေဖြင့် stock options ဆိုင်ရာ လုပ်ထုံးလုပ်နည်းသစ်ကို မိတ်ဆက်သွားမည် ဖြစ်ပြီး၊ နိုင်ငံ၏ နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို မက်လုံးပေးဆွဲဆောင်နိုင်မည့် အခြား ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြင်သစ်နိုင်ငံကလည်း start-ups ကုမ္ပဏီဝန်ထမ်းများအတွက် stock options မူဝါဒများတိုးတက်ရေးကို ဆောင်ရွက် လျက်ရှိသည်ဟုဆိုသည်။ ဥရောပရှိ start-ups လုပ်ငန်း အသိုင်းအဝိုင်းနှင့် အကျိုးတူလုပ်ငန်းရှင်များ က ဥရောပကော်မရှင်၏ အဆိုပြုချက်ကို ကြိုဆိုခဲ့ကြကြောင်းသိရသည်။

ရင်းမြစ်-(CNBC)  

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)