Main menu

Background

အိန္ဒိယနှင့်ခရိုအေးရှား ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိနေ

Tue, 03/30/2021 - 11:28 -- journal_editor

              အိန္ဒိယနှင့်ခရိုအေးရှား နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများဖြင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုပိုမို အားကောင်းလာစေရန် ဆန္ဒရှိနေကြောင်း၊ အထူးသဖြင့် ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တိုးတက်လိုကြောင်း ခရိုအေးရှား နိုင်ငံ၏ Place2Go ခရီးသွားမဂ္ဂဇင်းအရ သိရှိရသည်။ ခရိုအေးရှားနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိနေကြောင်း၊ နှစ်နိုင်ငံအကြား ခရီးသွား ပူးပေါင်းဆောင်ရွက်မှုအစီအမံများချမှတ်နိုင်ရေးအတွက် ကပ်ရောဂါနှင့် ရင်ဆိုင်နေရသည့် ယခု ကာလသည် အချိန်အခါကောင်းဖြစ်သည်ဟု ခရိုအေးရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Raj Kumar Srivastava က ပြောကြားကြောင်း သိရသည်။

        ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ခရိုအေးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ၂၀၁၉ ခုနှစ် အဆင့်၏ (၆၅) ရာခိုင်နှုန်းခန့်ရှိခဲ့ပြီး၊ ပြည်တွင်းခရီးသွားများကြောင့် ဂျီဒီပီတွင် ပါဝင်မှုအချိုးမှာမူ ကွာဟချက်မရှိဘဲ () ရာခိုင်နှုန်းတွင် ဆက်လက်ရှိနေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ဆိုင်းငံ့ထားရပြီး၊ ခက်ခဲသည့် ကပ်ရောဂါကာလအချိန်အတွင်း၌ပင် အိန္ဒိယနှင့် ခရိုအေးရှား နှစ်နိုင်ငံအနေဖြင့် Place2Go ခရီးသွား မဂ္ဂဇင်းတွင် ဖော်ပြခြင်းကဲ့သို့သော ခရီးသွားပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင် မည်ဟုဆိုသည်။ နှစ်နိုင်ငံအကြား လူဉီးရေ အရွယ်အစားနှင့် ဘဝနေထိုင်မှုပုံစံကွဲပြားပြီး၊ မတူညီ သည့် တိုက်ကြီးများတွင်တည်ရှိသော်လည်း တစ်နိုင်ငံစီရှိ ဒေသများသည် ခရီးသွားပြည်သူများကို အတွေ့အကြုံ သစ်များပေးစွမ်းခြင်းဖြင့် ခရီးသွားလုပ်ငန်းကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ခရိုအေး ရှားနိုင်ငံ၊ ခရီးသွားနှင့်အားကစားဝန်ကြီးဌာန၏ State-Secretary ဖြစ်သူ Tonči Glavina က ပြောကြားခဲ့သည်။

       ခရီးကွာဝေးသည့် နေရာဒေသများသို့ အလည်အပတ်သွားလာမှုများကို မကြာမီကာလတွင် ပြန်လည်ဆောင်ရွက်နိုင်ရန်နှင့် ခရိုအေးရှားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက် ရန် Tonči Glavina ကမျှော်လင့်ထားသည်။ ယင်းမှတစ်ဆင့် ရေရှည် တည်တံ့သောခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာအသစ်တစ်ရပ်အတွက် ပြင်ဆင်နိုင်မည်ဟု ၎င်းကဆိုသည်။ ကပ်ရောဂါ အခြေအနေများ ထိန်းချုပ်နိုင်ခဲ့ပါက Place2Go ခရီးသွားမဂ္ဂဇင်းအနေဖြင့် လာမည့် မေလလယ်တွင် ပုံမှန်ကျင်းပနေကျဖြစ်သည့် Place2Go ခရီးသွားလုပ်ငန်းပြပွဲကို ကျင်းပနိုင်ရန် မျှော်လင့်ထားပြီး၊ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်းများက ပါဝင်ပြသမည်ဟု သိရသည်။ ကပ်ရောဂါမတိုင်မီ ကာလ ၂၀၁၉ ခုနှစ်တွင် ခရိုအေးရှားနိုင်ငံသည် အိန္ဒိယခရီးသွားများထံမှ ဝင်ငွေရရှိမှုတိုးတက်ခဲ့ပြီး၊ အိန္ဒိယ ကမ္ဘာလှည့်ခရီးသည် (၇၀၀၀၀) လာရောက်လည်ပတ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ခရိုအေးရှား နိုင်ငံသို့ အိန္ဒိယခရီးသွားလာရောက်မှုသည် (၃၀၀၀) သို့ ကျဆင်းခဲ့ကြောင်း သိရသည်။

ရင်းမြစ် -  (Total Croatia News)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)