ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်ထွက်ရှိမှုတန်ဖိုးသည် ၂၀၁၉ ခုနှစ်အတွင်းကယန်း ၈.၈၉၃၈ ထရီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှ တန်ဖိုးထက် ၁.၈ % လျော့နည်းခဲ့ ကြောင်းနှင့် ၂ နှစ်ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းဟု စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အချိန်မှအစပြုကာစိုက်ပျိုးရေးထွက်ကုန်တန်ဖိုးသည် ယန်း ၉ ထရီလီယံအောက် လျော့ကျလာခဲ့ကြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာကြသည့်အတွက် စိုက်ပျိုးရေး ထွက်ကုန်စျေးနှုန်းများကျဆင်းလာခြင်းဖြစ်ကြောင်း (MAFF) ဝန်ကြီးဌာနကပြောကြားခဲ့သည်။
စီရင်စုဒေသ ၃၆ ခုတွင် စုစုပေါင်းစိုက်ပျိုးရေးထွက်ကုန်တန်ဖိုးများသိသိသာသာကျဆင်းလာခဲ့ကြောင်း၊ ထိုသို့ကျဆင်းလာမှုကြောင့် စိုက်ပျိုးရေးသမားများ၏ ဝန်ငွေသည် ယခင် ၂၀၁၈ ခုနှစ်၌ ရရှိှိခဲ့သည့် ယန်း ၃.၃၂၁၅ ထရီလီယံ၏ ၄.၈ % ကျဆင်းခဲ့ကြောင်းသိရသည်။ စုစုပေါင်းစိုက်ပျိုးရေးထွက်ကုန်တန်ဖိုးသည် ၁၉၈၄ ခုနှစ်ကယန်း ၁၁.၇၁၇၁ ထရီလီယံအဖြစ်အမြင့်ဆုံးရရှိခဲ့ပြီးနောက်ပိုင်းကာလကြာရှည်စွာဆက်လက်ကျဆင်းနေသည်ကိုတွေ့ရသည်။
၎င်းနောက် ၂၀၁၅ ခုနှစ်တွင် ယန်း ၉.၂၇၄၂ ထရီလီယံတန်ဖိုးဖြင့် ပြန်လည်မြင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်အထိသုံးနှစ်ဆက်တိုက် တန်ဖိုးမြင့်တက်လာပါသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများစိုက်ပျိုးထွက်ရှိမှုသည် ထိုသို့ အတက်အကျဖြစ်နေသည့် စုစုပေါင်းစိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးအပေါ် များစွာသက်ရောက်စေသည်ဟု(MAFF) ဝန်ကြီးဌာနကထောက်ပြခဲ့သည်။
၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့အကြားဟင်းသီးဟင်းရွက်နှင့် အသီးအနှံများပေါများစွာထွက်ရှိသဖြင့် စျေးနှုန်းများကျဆင်းလာပြီးစုစုပေါင်းစိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးလျော့ကျလာခဲ့သည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် စိုက်ပျိုး ထွက်ရှိမှုကျဆင်းခဲ့ပြီးဟင်းသီးဟင်းရွက်စျေးနှုန်းများမြင့်တက်လာခြင်းကြောင်းစုစုပေါင်းစိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးမှာမြင့်တက်ခဲ့သည်။ စပါးစိုက်ပျိုးမြေဧရိယာများလျော့ကျခဲ့သဖြင့် ဆန်စျေးနှုန်းများမြင့်တက်ခဲ့ပြီး စုစုပေါင်း စိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးမှာလည်းမြင့်တက်ခဲ့ပါသည်။
၂၀၁၉ ခုနှစ်အတွက် သီးနှံတစ်ခုချင်းစီအလိုက် စုစုပေါင်းစိုက်ပျိုးရေးထုတ်ကုန်တန်ဖိုးမှာဟင်းသီးဟင်းရွက်များနှင့်သစ်သီးများ၏တန်ဖိုးယန်း ၂.၁၅၁၅ ထရီလီယံရှိခဲ့ပြီးယခင်နှစ်ထက် ၇.၃ % လျော့ကျခဲ့ပါသည်။ လတ်တလော အမြင့်ဆုံးပမာဏမှာ ၂၀၁၆ ခုနှစ်ကရရှိခဲ့သည့် ယန်း ၂.၅၅၆၇ ထရီလီယံဖြစ်သည်။ ဟော့ကိုင်းဒိုးဒေသတွင် ရာသီဥတုကောင်းမွန်မှုကြောင့် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မုံလာဥနီ၊ နှင်းဆီပန်းများ၊ ကြက်သွန်မြိတ်၊ မုံလာထုတ်နှင့် မုံလာဥဖြူများပေါများစွာထွက်ရှိခဲ့ပြီးစျေးနှုန်းများလည်းကျဆင်းလာခဲ့သည်။
ဟင်းသီးဟင်းရွက်စျေးနှုန်းများကျဆင်းလာသည့်အပြင် ကြက်ဥစျေးနှုန်းများလည်း ကျဆင်းလာသည့်အတွက် စုစုပေါင်းထုတ်ကုန်တန်ဖိုး ၅.၅%၊ တန်ဖိုးအားဖြင့် ယန်း ၄၅၄.၉ ဘီလီယံခန့်သာရှိခဲ့ကြောင်းသိရပါသည်။ ဝယ်လိုအား မြင့်တက်လာနိုင်သည်ဟုယူဆချက်ဖြင့် ကြက်ဥထုတ်လုပ်မှုတိုးမြှင့်ခဲ့သည့်အတွက် စျေးနှုန်းများကျဆင်းခဲ့ခြင်းဖြစ်သည်။
သို့သော် အခြားသောစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များမှာတစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည်ကိုတွေ့ရပါသည်။ ဆန်စိုက်ပျိုးထုတ်လုပ်မှုမှာပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကထက် ၁% မြင့်တက်လာပြီးတန်ဖိုးအားဖြင့် ယန်း ၁.၇၄၂၆ ထရီလီယံ၊ အမဲသားထုတ်လုပ်မှုမှာ ၃.၄% မြင့်တက်လာပြီးတန်ဖိုးအားဖြင့် ယန်း ၇၈၈ ဘီလီယံ၊ မကျိုချက်ရသေးသည့် နွားနို့ထုတ်လုပ်မှုမှာ ၂.၁% မြင့်တက်လာပြီး၊ တန်ဖိုးအားဖြင့် ယန်း ၇၆၂.၈ ဘီလီယံ၊ အာလူးနှင့် ကန်စွန်းဥစသည်တို့ထုတ်လုပ်မှုမှာ ၁.၉ % မြင့်တက်လာပြီးတန်ဖိုးအားဖြင့် ယန်း ၁၉၉.၂ ဘီလီယံရရှိခဲ့ကြောင်းသိရသည်။
နန္ဒာဝင်း၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ တိုကျိုမြို့။