ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်း၀န်ကြီးဌာန(MAFF)မှ ဆောင်ရွက်ခဲ့သည့် စစ်တမ်းတစ်ခုအရလူငယ်မျိုးဆက် (အသက် ၁၈ နှစ်မှ ၂၉နှစ်အထိ) ၏ ၂၅% သည်လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) သောက်သုံးမှု အရေအတွက် မြင့်တက်လာကြောင်း သိရှိရသည်။
အဓိကအကြောင်းအရင်းမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားနေချိန် လူငယ်များအနေဖြင့် နေအိမ်တွင်သာအချိန်ကြာကြာနေထိုင်လာမှုနှင့် ကျန်းမာရေး ပိုမိုလိုက်စားလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။ PET Bottle ဖြင့် အသင့်ထုတ်ပိုးထားသည့် လက်ဖက်စိမ်းရေနွေးကြမ်းဗူးများသောက်သုံးမှုပိုမိုလာပါသည်။ လက်ဖက်ခြောက်သက်သက်သောက်သုံးမှုသာမက အသင့်သောက်သုံးသည့် ရေနွေးကြမ်းဗူးများတွင်ကျယ်လာသည့် စားသုံးမှု ပုံစံပါ ပြောင်းလဲလာကြောင်းတွေ့ရသည်။
စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်း၀န်ကြီးဌာန(MAFF)သည်ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလအလယ်မှနို၀င်ဘာလအစောပိုင်းအထိ လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းနှင့်ပတ်သက်၍ သဘောထားအမြင်နှင့် ရည်ရွယ်ချက်ဆိုင်ရာစစ်တမ်းကိုအသက် ၁၈ နှစ်ကျော်အရွယ် ကျား/မအရေအတွက် ၁၀၀၀ ဉီးတို့အား ကောက်ယူခဲ့ခြင်းဖြစ်ပါသည်။
လက်ဖက်ခြောက်အသုံးပြုသည့် လက်ဖက်ရည်သောက်သုံးသူအရေအတွက်သည်မျိုးဆက်အားလုံးတွင် ၁၄% ရှိခဲ့သော်လည်း အသက် ၁၈ နှစ်မှ ၂၉ နှစ်အထိ လူငယ်များ၌ "ပိုမိုများပြား လာခြင်း" သို့မဟုတ် "အနည်းငယ် များပြားလာခြင်း" ကိုဖြေဆိုသူများသည် ၂၅% ရှိခဲ့သည်။ ထိုသို့တိုးပွားလာသည့်အကြောင်းအရင်းနှင့်ပတ်သက်၍ ဖြေကြားချက်များအရ အသက် ၁၈ နှစ်မှ ၂၉ နှစ်အတွင်းရှိ လူငယ် ၅၇% က ကိုရိုနာကူးစက်ရောဂါပြန့်ပွားနေချိန်၌ နေအိမ်တွင် နေထိုင်သည့် အချိန်ပိုလာခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ နေအိမ်တွင်အပန်းဖြေရန် အချိန်ပိုရခြင်းကြောင့်ဖြစ်သည်ဟု ဖြေကြားသူ ၄၇%၊ ကျန်းမာရေးအတွက်အရေးပါသောကြောင့်ဟု သောက်သုံးခြင်းဟု ဖြေကြားသူ ၄၄% နှင့် မိသားစုနှင့်အတူအချိန်ဖြုန်းရန်အချိန်ပို၍ရှိခြင်းကြောင့် သောက်သုံးခြင်းဖြစ်ကြောင်းဟု ဖြေကြားသူ ၂% ရှိကြောင်း သိရသည်။
ထိုကြောင့် လက်ဖက်ခြောက်ဝယ်ယူမှုသည် စူပါမားကက်များမှဝယ်ယူမှု၇၅%၊ အင်တာနက်မှတစ်ဆင့်ဝယ်ယူမှု ၃၀% နှင့်လက်ဖက်ခြောက်သီးသန့်ရောင်းချသည့်ဆိုင်များမှ ဝယ်ယူမှု ၂၉%၊ ဆေးဆိုင်နှင့်စတိုးဆိုင်များမှ ဝယ်ယူမှု ၂၁% စသည်ဖြင့် အသီးသီးမြင့်တက်လာခဲ့သည်။ ထိုအပြင် အင်တာနက်မှတစ်ဆင့် လက်ဖက်ခြောက်ဝယ်ယူမှုများပြားလာသည်ဟုဖြေကြားမှုများအရ အသက် ၆၀ ကျော်အရွယ်များ၏ ဝယ်ယူမှုသည် ၄၂% ရှိပြီး အမြင့်ဆုံး ဖြစ်ကြောင်း သိရပါသည်။ ၎င်းနောက်အသက် ၇၀ ကျော်သူများ၏ ဝယ်ယူမှုမှာ ၃၆%၊ အသက်၁၈ နှစ်မှ ၂၉ နှစ်အရွယ်မျိုးဆက်များ၏ ဝယ်ယူမှုသည် ၃၃% အသီးသီးရှိကြောင်း သိရပါသည်။ သက်ကြီးရွယ်အိုလူဦးရေ မြင့်တက်လာ ခြင်းကြောင့် အီလက်ထရွန်နစ်ကူးသန်းရောင်းဝယ်ရေး (E-Commerce) ကိုအသုံးပြုမှုသည်လည်း လျင်မြန်စွာ တိုးတက်လာသည်ကို တွေ့ရပါသည်။
လက်ဖက်ရည်ကြမ်းသည် အခြားအဖျော်ယမကာများနှင့်နှိုင်းယှဉ်ပါက ဝေစုရှယ်ယာများ ကျဆင်းနေသည့်အတွက် လက်ဖက်ရွက်ဝယ်လိုအား လျော့ကျခဲ့ခြင်းဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါပြန့်ပွားနေချိန်တွင် စီးပွားရေးအရ ဝယ်လိုအားကျဆင်းခြင်းနှင့် စျေးကွက်ကျဆင်းခြင်းများမှ လျော့ပါးစေရန် လက်ဖက်ခြောက်နှင့် လက်ဖက်ရည်ကြမ်းသောက်သုံးမှုကို စားသုံးသူများအကြား လှုံ့ဆော်ပေးရန်လိုအပ်လာပါသည်။
ထိုကြောင့် စိုက်ပျိုးရေး၊ သစ်တောနှင့်ရေလုပ်ငန်း၀န်ကြီးဌာန(MAFF)သည် ပြည်သူများအကြားလက်ဖက်ခြောက်နှင့် လက်ဖက်ရည်ကြမ်းသောက်သုံးမှု အလေ့အထအခွင့်အလမ်းများ တိုးတက်လာစေရန်နှင့် လူငယ်များ အကြား လက်ဖက်ရည်ကြမ်းသောက်သုံးမှု ပိုမိုမြင့်တက်လာစေရန် လက်ဖက်ခြောက်ထုတ်လုပ်သည့်လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
ရင်းမြစ်။ The Japan Agri News
နန္ဒာဝင်း၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ တိုကျိုမြို့။