Main menu

Background

ဈေးကွက်အတွင်းသို့သီးနှံဝင်ရောက်မှုနည်းပါးသဖြင့် ပြောင်းစေ့အရောင်းအဝယ်များ ကျဆင်းလျက်ရှိ

Fri, 04/09/2021 - 12:25 -- journal_editor

၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ဘရာဇီးနိုင်ငံပြောင်းဈေးကွက်သို့ သီးနှံဝင်ရောက်မှုနည်းပါးသဖြင့် အရောင်းအဝယ်များကျဆင်းခဲ့သည်။ လတ်တလောကာလတွင် တောင်သူများအနေဖြင့် ပဲပုတ်စေ့သီးနှံရိတ်သိမ်းမှုအား အဓိကထားလုပ်ဆောင်နေရသဖြင့် အခြားသီးနှံများဈေးကွက်တင်ပို့ရောင်းချမှုများအား ခေတ္တရပ်နားထားရသည်။ ဝယ်လိုအားရှိ၍ ဈေးနှုန်းအမြင့်ဖြင့် ဈေးကွက်ဖြစ်ပေါ်နေသော်လည်း ပြောင်းသီးနှံများဈေးကွက်သို့ ဝင်ရောက်မှု လျှော့နည်းနေသည့်အတွက် အရောင်းအဝယ်ဖြစ်မှုတွင် ကျဆင်းလျက်ရှိနေသည်။ နိုင်ငံတကာဈေးကွက်အနေဖြင့် ချီကာဂိုစတော့ပ်ဈေးကွက်တွင် သီးနှံရောင်းဝယ်မှုကာလကို တိုးချဲ့သတ်မှတ်ပေးထားသည်။

              ဘရာဇီးနိုင်ငံ၏ပြောင်းသီးနှံဈေးကွက်သည် ဈေးနှုန်းအမြင့်များဖြစ်ပေါ်နေသော်လည်း မျှော်လင့်မထား‌သည့် အရောင်းအဝယ်ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဘရာဇီးသီးနှံ ဈေးကွက်တစ်ခုလုံးကိုခြုံငုံကြည့်ပါက ဈေးကွက်သို့ ဒေသအသီးသီးမှသီးနှံများတင်ပို့ရန်အခက် အခဲများရှိနေကြောင်း၊ တောင်သူများအနေဖြင့်လည်း ပြောင်းစေ့များဈေးကွက်တင်ပို့ရေးထက် ပဲပုတ်စေ့အချိန်မီရိတ်သိမ်းပြီးစီးရေးအပေါ်တွင်သာ အာရုံစိုက်လုပ်ဆောင်နေရ ကြောင်း၊သီးနှံ ဈေးကွက်တွင် သီးနှံဝယ်ယူရေးအမှာစာများ မြင့်တက်နေသော်လည်း လုပ်ငန်းရှင်များ၏ လတ်တလောအခက်အခဲများကြောင့် အနာဂတ်ရောင်းဝယ်မှုများအပေါ်တွင်ပါ ရိုက်ခတ်နိုင်ကြောင်း စိုက်ပျိုးရေးထွက်ကုန်များ ဆိုင်ရာစီးပွားရေးအကျိုးဆောင်ကုမ္ပဏီ SAFRAS & Mercado မှစိုက်ပျိုးရေးသုတေသနပညာရှင် Fernando Henrique Iglesias က သတင်းဌာနသို့ ပြောကြားခဲ့သည်။

              ပြည်တွင်းဈေးကွက်တွင် ပြောင်းစေ့ ၁ အိတ်ပေါက်ဈေးမှာ Santos ဆိပ်ကမ်းအရောက်တန်ဖိုးဘရာဇီးလ်ဟဲရာ ၈၀.၅၀ မှ ၉၀.၀၀ ၊Paranaguá ဆိပ်ကမ်းအရောက်တန်ဖိုးမှာ ဘရာဇီးလ်ဟဲရာ ၇၉.၀၀ မှ ၈၇.၀၀၊ Paraná ပြည်နယ်Cascavelဈေးကွက်တွင် ဟဲရာ၉၃ မှ ၉၅ ၊ São Paulo ပြည်နယ် Mogiana ဈေးကွက်တွင် ဟဲရာ ၉၅ မှ ၉၇ ၊Campinas ဈေးကွက်တွင် ဟဲရာ ၉၈ မှ ၁၀၀၊ Rio Grande do Sul ပြည်နယ် Erechim ဈေးကွက်တွင် ဟဲရာ ၉၄.၀၀ မှ ၉၆.၀၀၊ Minas Gerais ပြည်နယ် Uberlândia တွင် ဟဲရာ ၈၄.၀၀ မှ ၈၅.၀၀၊ Rio Verde ဈေးကွက်တွင် ဟဲရာ ၈၅.၀၀ မှ ၈၆.၀၀ ၊ Mato Grosso ပြည်နယ်ရှိ Rondonópolis ဈေးကွက်တွင် ဟဲရာ ၇၈.၀၀ မှ ၈၀.၀၀ အသီးသီးတို့ဖြင့် အရောင်းအဝယ်များဖြစ်ပေါ်လျက်ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

ချီကာဂိုစတော့ပ်ဈေးကွက်

              အမေရိကန်နိုင်ငံ၊ ချီကာဂိုစတော့ပ်ဈေးကွက်တွင် ပြောင်းစေ့တစ်စည်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁.၁၆ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ရာသီဥတုအခြေအနေ များအရ ပြောင်းသီးနှံစိုက်ပျိုးနိုင်မည့်ဧရိယာများသည် ခန့်မှန်းထားသည့်ပမာဏအောက်လျှော့ကျနိုင်ကြောင်း သုတေသနပညာရှင်၏ပြောကြားမှုကို သတင်းတွင်ဖော်ပြထားသည်။

              လေ့လာတွက်ချက်မှုများအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ပြောင်းထုတ်လုပ်တင်ပို့မှုသည် စည်ပေါင်း ၁.၃၄၆ ဘီလီယံမှ ၁.၅၀၂ ဘီလီယံအထိ ရှိနိုင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ပြောင်းဈေးကွက်သို့ ဝင်ရောက်နိုင်မည့်ပမာဏမှာ စုစုပေါင်းတန်ချိန် ၂၈၄.၉ သန်းအထိ ရှိနိုင်ကြောင်းUnited State Department of Agriculture(USDA) ၏ထုတ်ပြန်ချက်ကို သတင်းတွင်ဖော်ပြထားသည်။

              ၂၀၂၀-၂၀၂၁ ခုနှစ် နှစ်ကုန်ဆုံးချိန်တွင် ဘရာဇီးလ်နိုင်ငံ၏ ပြောင်းစေ့တင်ပို့မှုသည် တန်ချိန် ၁၀၈.၃ သန်းအထိရောက်ရှိနိုင်ကြောင်း၊ အာဂျင်တီးနားနိုင်ငံ၏ ပြောင်းတင်ပို့မှုသည် တန်ချိန် ၄၆.၈ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းချက်များအား သတင်းတွင် ဖော်ပြထားသည်။

 

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - safras.com.br