Main menu

Background

အိန္ဒိယ၏ ပို့ကုန်အခွန်သက်သာခွင့် RoDTEP အစီအစဉ်အပေါ် အမေရိကန်က မေးခွန်းထုတ်

Fri, 04/09/2021 - 12:27 -- journal_editor

မတ်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် ကျင်းပသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စိုက်ပျိုးရေးဆိုင်ရာကော်မတီ အစည်းအဝေး၌ အိန္ဒိယနိုင်ငံက ချမှတ်ဆောင်ရွက်လျက်ရှိသော ပို့ကုန်ဆိုင်ရာ အခွန်သက်သာခွင့်ပေးအပ်မှု အစီအစဉ် (Remission of Duties and Taxes on Exported Products (RoDTEP) scheme) အပေါ် အမေရိကန်နိုင်ငံက မေးခွန်းများထုတ်ခဲ့ ကြောင်း သိရှိရပါသည်။

          အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၅-၂၀၂၀ ပြည်ပကုန်သွယ်ရေးမူဝါဒ၏ တစ်စိတ်တစ်ဒေသအဖြစ်မိမိနိုင်ငံထွက်ပို့ကုန်များ၏ ပြည်ပဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တင်ရန်အတွက်အိန္ဒိယပို့ကုန်မြှင့်တင်မှုအစီအစဉ် (Merchandise Exports from India Scheme - MEIS) ကိုချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၌ အမေရိကန်နိုင်ငံက WTO ၌ အငြင်းပွားမှု တင်သွင်းခဲ့သည်။ အဆိုပါအငြင်းပွားမှုကိစ္စအပေါ် ၂၀၁၉ ခုနှစ်တွင် အရေးနိမ့်ခဲ့ပြီးနောက် အိန္ဒိယအစိုးရသည်MEISနှင့် RoSCTLခေါ်အထည်အလိပ်ပို့ကုန်များအပေါ်ပေးအပ်လျက်ရှိသည့်အခွန်သက်သာခွင့်အစီအစဉ်တို့ကိုပြန်လည်ပြင်ဆင်ပေါင်းစပ်လျက်RoDTEPအစီအစဉ်အဖြစ်၁-၁-၂၀၂၁ နေ့မှစတင်အကောင်အထည် ဖော်လုပ်ဆောင်ခဲ့သည်။

          အဆိုပါ RoDTEPအရပြည်တွင်းရှိပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် နယ်မြေဒေသအလိုက် ကောက်ခံသည့် အခကြေးငွေများ၊ ကျောက်မီးသွေးအသုံးပြုမှု ထပ်ဆောင်းအခွန်များ၊ လျှပ်စစ် ဓာတ်အားခများ၊ သယ်ယူပို့ဆောင်မှု အတွက် အသုံးပြုရသည့် လောင်စာဆီအပေါ် ပေးဆောင်ရ သော အခွန်များ စသည့်တို့အပါအဝင် ပို့ကုန်အတွက်ပေးဆောင်ရသော သွင်းအားစုဆိုင်ရာ အခွန် အခများကို ကုန်စည်တင်ပို့ပြီးစီးချိန်၌ အစိုးရထံမှ ပြန်လည်ထုတ်ယူ ရရှိနိုင်မည်ဖြစ်သည်။

          အိန္ဒိယ၏RoDTEPအစီအစဉ်နှင့်ပတ်သက်၍ လုပ်ငန်းလမ်းညွှန်ချက်များ၊  အကျုံးဝင်သည့် စိုက်ပျိုးရေးထုတ်ကုန်များနှင့် ပြန်လည်ထုတ်ပေးမည့် အခွန်အခနှုန်းထားများနှင့် လက်တွေ့အကောင်အထည်ဖော်မှုအခြေအနေတို့ကို ရှင်းလင်းချက်ပေးရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏အစည်းအဝေး၌ အမေရိကန်နိုင်ငံကမေးမြန်းခဲ့ခြင်းဖြစ်သည်။ထို့အပြင်ဖေဖော်ဝါရီလအတွင်း၌ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုခဲ့သည့်သွင်းကုန်အပေါ် အခြေခံအကောက်ခွန်နှုန်းထားအပြင်စိုက်ပျိုးရေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ထပ်ဆောင်းအခွန် (Agriculture Infrastructure and Development Cess) အားသီးခြားကောက်ခံမည့်အစီအစဉ်နှင့်စပ်လျဉ်း၍ မည်သည့် အတွက် ၂ မျိုးခွဲခြားကောက်ခံရခြင်းဖြစ်ကြောင်းကိုလည်း မေးခွန်းထုတ်ခဲ့သည်။

          အဆိုပါ WTOအစည်းအဝေး၌ အမေရိကန်နှင့် ဩစတေးလျနိုင်ငံတို့ကအိန္ဒိယ၏ ဝါဂွမ်း အပေါ်သွင်းကုန်အခွန်တိုးမြှင့်မှု၊ သကြားနှင့်ဇီဝလောင်စာ (Biofuel) တို့အတွက်ပို့ကုန်ဆိုင်ရာ အထောက်အပံ့များ ပေးအပ်မှုတို့အပေါ် ဖြေရှင်းချက်ပေးရန်တောင်းဆိုခဲ့ကြသည်။ အလားတူအိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုအား အရေအတွက်အရကန့်သတ်ထားရှိမှုနှင့်ပတ်သက်၍ ထိုသို့လုပ်ဆောင်ခြင်းမှာ ၃ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး WTO ၏ စည်းမျဉ်းစည်းကမ်း များနှင့်ကိုက်ညီမှုမရှိကြောင်း ပြောဆိုလျက် ဩစတေးလျ၊ ကနေဒါ၊ ရုရှားနှင့်အမေရိကန်နိုင်ငံတို့ကမေးခွန်း ထုတ်ခဲ့ကြကြောင်း သိရှိရသည်။

Source:         1. US questions India’s RoDTEP scheme at WTO, 5-4-2021, Economic Times

2. US to India: Explain new agri cess, RoDTEP scheme, 8-4-2021, Financial Express

 

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့။