Main menu

Background

အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်မှုဒေသများ ဆက်လက် ဖော်ဆောင် သွားမည်

Mon, 04/12/2021 - 11:03 -- journal_editor

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (Regional Comprehensive Economics Partnership- RCEP) သာမက RCEP တွင်ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံ များနှင့်လည်း လွတ်လပ်သော ကုန်သွယ်မှုဒေသများ သီးခြားချုပ်ဆို၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံနှင့် နှစ်နိုင်ငံဘက်စုံလွတ်လပ်သော ကုန်သွယ်မှု ဒေသသဘောတူညီချက်အား ၂၀၀၈ ခုနှစ်တွင် စတင် ချုပ်ဆို၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါ သည်။ အဆိုပါသဘောတူစာချုပ်သည် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံနှင့် ပထမဆုံး ချုပ်ဆိုနိုင်ခဲ့သည့် လွတ်လပ်သောကုန်သွယ်မှုဒေသသဘောတူစာချုပ် ဖြစ်သည်။

          အလားတူပင် တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ-တရုတ် လွတ် လပ်သောကုန်သွယ်မှုဒေသအား ၂၀၁၀ ပြည့်နှစ်မှ စတင်တည်ထောင်ခဲ့ရာ အဆိုပါသဘောတူ စာချုပ် စတင်အကောင်အထည်ဖော် ဆောင်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။ အလားတူပင် အာဆီယံနိုင်ငံများ သည်လည်း တရုတ်နိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ များအဖြစ်သို့ ရောက်ရှိခဲ့လာပါသည်။

          တရုတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် သုံး နိုင်ငံ လွတ်လပ်သောကုန်သွယ်မှုဒေသထူထောင်ရေးအတွက် စေ့စပ်ဆွေးနွေးမှုများ စတင်ခဲ့ပါသည်။ စေ့စပ်ဆွေးနွေးမှုအကြိမ်ပေါင်း (၁၆) ကြိမ်အထိ ရောက်ရှိခဲ့ပြီ ဖြစ်ပြီး သုံးနိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စည်းကမ်းချက်များအား အသေးစိတ် ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံအနေဖြင့် အဆိုပါသုံးနိုင်ငံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ချုပ်ဆိုသွားနိုင်ရေး ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုများ အားတွန်းအားပေး၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် တရုတ်-ဩစတြေးလျနှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှုဒေသအား ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါသဘောတူစာချုပ် အသက်ဝင်ချိန်မှစတင်၍ နှစ်နိုင်ငံအကြား အကောက်ခွန် လျှော့ချဖယ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (Regional Comprehensive Economics Partnership- RCEP)အဖွဲ့ဝင်နိုင်ငံများသာမက နိုင်ငံ၏ အဓိကကုန် သွယ်ဖက်နိုင်ငံများနှင့်လည်း လွတ်လပ်သောကုန်သွယ်မှုဒေသများ ထူထောင်နိုင်ရေးအတွက် ဉီးတည် ဆောင်ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေးအတွက် စေ့စပ် ဆွေးနွေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပြီး စေ့စပ် ဆွေးနွေးမှုများ ပြီးဆုံးသည့်အခါ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်တွန်းအားပေး လုပ် ဆောင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ပစိဖိတ်သမုဒ္ဒရာ ဖြတ်ကျော်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးသဘောတူစာချုပ်(Comprehensive and Progre ssive Agreement for Trans-Pacific Partnership- TPP)တွင် ပါဝင်ဆောင်ရွက် ရန်ကိစ္စရပ်နှင့် ပတ်သက်၍ အကြိုလေ့လာဆန်းစစ်မှုများဆောင်ရွက်လျက်ရှိပြီး TPPနှင့်ပတ်သက်၍ အလွတ်သဘော ဆက်သွယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ရွှေစင်ဦး၊ စီးပွားရေးသံမှူး