Main menu

Background

အီးယူ၏အော်ဂဲနစ်လယ်ယာစနစ်မြှင့်တင်ရေးစီမံချက်အားဥရောပကော်မရှင်ကပါလီမန်သို့တင်သွင်း

Mon, 04/12/2021 - 11:10 -- journal_editor

အီးယူ၏အော်ဂဲနစ်ထုတ်ကုန်များထုတ်လုပ်မှုနှင့်စားသုံးမှုမြှင့်တင်ရေးစီမံချက်တစ်ရပ်ကို ဥရောပကော်မရှင်က ဥရောပပါလီမန်သို့ ၂၅-၃-၂၀၂၁နေ့က တင်သွင်းခဲ့သည်။ယင်းစီမံချက်သည်၂၀၃၀ပြည့်နှစ်တွင်အီးယူစိုက်ပျိုးမြေ၏ (၂၅) ရာခိုင်နှုန်းအားအော်ဂဲနစ်လယ်ယာစနစ်သို့ရောက်ရှိရန်ရည်ရွယ်သည်။

            အီးယူ၏အော်ဂဲနစ်လယ်ယာမြှင့်တင်ရေးစီမံချက်တွင်အော်ဂဲနစ်လယ်ယာကဏ္ဍ၏(၂၅) ရာခိုင်နှုန်းရည်မှန်းချက်ကိုရရှိစေရေးအထောက်အကူပြုလုပ်ငန်းအစီအစဉ်များပါဝင်ပါသည်။ အော်ဂဲနစ်ထုတ်ကုန် စားသုံးမှု မြှင့်တင်ရေး၊ ထုတ်လုပ်နိုင်စွမ်းတိုးတက်စေရေးနှင့်အော်ဂဲနစ်ကဏ္ဍရေရှည်တည်တံ့မှုတိုးတက်လာစေရေးဟူသည့်မဏ္ဍိုင် (၃) ရပ်ကိုအခြေပြု၍လုပ်ငန်းစဉ် (၂၃) ရပ်ကိုချမှတ်ထားသည်။

ဥရောပကော်မရှင်သည်အီးယူအဖွဲ့ဝင်နိုင်ငံများအား၎င်းတို့၏နိုင်ငံအလိုက်အော်ဂဲနစ်လယ်ယာအချိုးတိုးတက်လာစေရေးနိုင်ငံအဆင့်စီမံချက်များရေးဆွဲဆောင်ရွက်ကြရန်တိုက်တွန်းထားပါသည်။စိုက်ပျိုးမြေတွင်အော်ဂဲနစ်လယ်ယာပါဝင်မှုအချိုးသည်အီးယူအဖွဲ့ဝင်နိုင်ငံများအကြားသိသာစွာကွဲပြားမှုရှိပြီး၊ (၀.၅) ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းခန့်အကြားရှိပါသည်။နိုင်ငံအဆင့်အော်ဂဲနစ်လယ်ယာစီမံချက်များသည်အီးယူ၏ဘုံစိုက်ပျိုးရေးမူဝါဒဆိုင်ရာမဟာဗျူဟာစီမံချက်များနှင့်အပြန်အလှန်ဖြည့်ဆည်းဆောင်ရွက်မည်ဟုသိရသည်။

            လက်ရှိတွင်အီးယူစိုက်ပျိုးမြေဧရိယာ၏ (၈.၅) ရာခိုင်နှုန်းခန့်မှာအော်ဂဲနစ်နည်းဖြင့်စိုက်ပျိုးလျက်ရှိပြီး၊ယခုတိုးတက်မှုနှုန်းအရ၂၀၃၀ပြည့်နှစ်တွင် (၁၅) ရာခိုင်နှုန်းမှ (၁၈) ရာခိုင်နှုန်းအကြားရောက်ရှိမည်ဟုဆိုသည်။ အီးယူ၏ လုပ်ငန်းစီမံချက်သည်အော်ဂဲနစ်ထုတ်ကုန်များ၏ဝယ်လိုအားမြှင့်တင်ရေး၊စားသုံးသူယုံကြည်မှုရရှိရေးနှင့်အော်ဂဲနစ်စားသောက်ကုန်များကိုနိုင်ငံသားများထံသို့ပိုမိုနီးနီးကပ်ကပ်ယူဆောင်လာရေးရည်ရွယ်သည့်လုပ်ငန်းစဉ်များကိုတင်ပြထားသည်။

ယင်းလုပ်ငန်းစဉ်များတွင်အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာသတင်းအချက်အလက်များပေးခြင်း၊အော်ဂဲနစ်ထုတ်ကုန်များစားသုံးမှုကိုမြှင့်တင်ခြင်း၊အစိုးရမှဝယ်ယူမှုပုံစံဖြင့် public canteen များ၌အော်ဂဲနစ်စားသောက်ကုန်များ အသုံးပြုမှုတိုးတက်လာစေရေးလှုံ့ဆော်ခြင်း၊အီးယူရှိစာသင်ကျောင်းများ၌သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်၊နို့နှင့်နို့ထွက်ကုန်များဖြန့်ဝေသည့်အစီအစဉ်အောက်တွင်အော်ဂဲနစ်ထုတ်ကုန်များဖြန့်ဖြူးမှုတိုးတက်စေခြင်းစသည်တို့ပါဝင်သည်။

ထို့ပြင်အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်နှင့်အလေ့အကျင့်ကောင်းများမျှဝေသည့်အခမ်းအနားများကျင်းပခြင်း၊သုတေသနနှင့်တီထွင်ဆန်းသစ်မှုများ၊စိုက်ပျိုးထုတ်လုပ်မှုနောက်ကြောင်းပြန်ခြေရာခံနိုင်စွမ်းတိုးတက်စေရေးအတွက်block chainနည်းပညာနှင့်အခြားနည်းပညာများအသုံးပြုမှု၊ပြည်တွင်းရှိအသေးစားဆင့်တက်ပြုပြင်သည့်လုပ်ငန်းများကိုအားဖြည့်ပေးခြင်း၊စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်ရှိအဖွဲ့အစည်းများအားထောက်ပံ့ပေးခြင်း၊တိရစ္ဆာန်များအာဟာရပြည့်ဝမှုတိုးတက်စေခြင်းစသည့်လုပ်ငန်းစဉ်များလည်းအဆိုပါစီမံချက်တွင်ပါဝင်သည်။

အီးယူ၏စီမံချက်တွင်စဉ်ဆက်မပြတ်ဖြစ်မှုနှင့်ရေရှည်တည်တံ့မှုတို့၌အော်ဂဲနစ်လယ်ယာကဏ္ဍ၏စွမ်းဆောင်မှုတိုးတက်စေရေးရည်မှန်းချက်လည်းအပါဝင်ဖြစ်သည်။အဆိုပါရည်မှန်းချက်ရရှိရေးအတွက် animal welfare တိုးတက်စေခြင်း၊အော်ဂဲနစ်မျိုးစေ့များရရှိမှုသေချာစေခြင်း၊အော်ဂဲနစ်စိုက်ပျိုးရေးကဏ္ဍ၏ carbon footprint လျှော့ချခြင်း၊ ပလပ်စတစ်၊ရေနှင့်စွမ်းအင်အသုံးပြုမှု အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ခြင်းစသည့်လုပ်ငန်းစဉ် များကိုလည်း ချမှတ်ထားကြောင်းသိရသည်။

ရင်းမြစ် - (www.eubusiness.com)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး