Main menu

Background

၂၀၂၁ခုနှစ်၊မတ်လအတွင်းကိုရီးယားသမ္မတနိုင်ငံ၏ကုန်သွယ်ရေးနှင့်စီးပွားရေးအခြေအနေ

Mon, 04/12/2021 - 11:17 -- journal_editor

ကိုရီးယားသမ္မတနိုင်ငံ၊ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနမှ (၁-၄-၂၀၂၁) ရက်နေ့တွင်ထုတ်ပြန်သောကုန်သွယ်မှုစာရင်းအရ ၂၀၂၁ ခုနှစ်၊ မတ်လတွင်ကိုရီးယားသမ္မတနိုင်ငံ၏ကုန်သွယ်မှုအနေဖြင့် ပို့ကုန် အမေရိကန်‌ဒေါ်လာ (၅၃.၈၂) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၄၉.၆၅) ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၀၃.၅) ဘီလီယံဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၄.၂) ဘီလီယံဖြစ်ကြောင်း၊ ယခင်နှစ် ကာလတူထက် ပို့ကုန်တွင် (၁၆.၆) ရာခိုင်နှုန်းနှင့် သွင်းကုန်တွင် (၁၈.၈) ရာခိုင်နှုန်း အသီးသီးတိုးတက်လာကြောင်း သိရှိရသည်။

၂၀၂၁ခုနှစ်၊မတ်လတွင်တောင်ကိုရီးယားနိုင်ငံ၏ပို့ကုန်တင်ပို့မှုသည်ပဉ္စမမြောက်လအဖြစ်ဆက်တိုက်တိုးတက်လျက်ရှိပြီး၊၂၀၂၁ခုနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ(၅၀) ဘီလီယံအထက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။၂၀၂၁ခုနှစ်၊မတ်လသည်ကုန်သွယ်မှုပိုငွေပြသည့် (၁၁)လမြောက်လလည်းဖြစ်ခဲ့ပြီး၊နေ့စဉ်ပျှမ်းမျှတင်ပို့နိုင်မှု (၂.၂) ဘီလီယံဖြစ်သည့်အတွက် (၁၆.၆) ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ပို့ကုန်စံချိန်တင်တိုးတက်ခဲ့ သည့်လလည်းဖြစ်သည်။

              ကိုရီးယားသမ္မတနိုင်ငံ၏အဓိကပို့ကုန်(၂၀)မျိုးအနက်ရုပ်မြင် Displaysမှလွဲ၍ကျန်ကုန်ပစ္စည်းများဖြစ်သောSemiconductors၊ အထွေထွေစက်ပစ္စည်းများ၊ရေနံဓါတုပစ္စည်းများ ၊မော်တော်ယာဉ်များ၊ သံမဏိထုတ်ကုန်ပစ္စည်း များ၊ရေနံထုတ်ကုန်များ၊သင်္ဘောများ၊မော်တော်ယာဉ်အစိတ်အပိုင်းများ၊ကျန်းမာရေးထုတ်ကုန်များ၊ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းများ၊ကွန်ပျူတာများ၊အထည်အလိပ်များ၊ပလတ်စတစ်ထုတ်ကုန်များ၊စိုက်ပျိုးရေးထွက်ကုန်များနှင့်ငါးလုပ်ငန်းရေထွက်ကုန်စည်များ၊ဓါတုကုန်ချောများ၊အလှကုန်များ၊ဘက်ထရီအပိုပစ္စည်းများ၊အိမ်အသုံးအဆောင်ပစ္စည်းများနှင့်စက်ရုပ်များသည်တိုးတက်တင်ပို့နိုင်ခဲ့ပါသည်။

              ကမ္ဘာ့ရေနံစျေးနှုန်းပြန်လည်တိုးတက်လာသည်နှင့်အမျှရေနံထွက်ကုန်ပစ္စည်းများသည်တန်ဖိုး အမေရိကန်ဒေါ်လာ (၄.၈) ဘီလီယံတင်ပို့နိုင်ခဲ့ပြီး၊ (၄၈.၅) ရာခိုင်နှုန်းခန့်တိုးတက်လာခဲ့ကြောင်း၊ ထို့ပြင် အိမ်အသုံးအဆောင် ပစ္စည်းများနှင့် ပါဆယ်ထုတ်ပိုးမှုများတွင်အသုံးပြုသော Synthetic Resins နှင့် ဆေးပစ္စည်းများတွင်အသုံးပြုသော Synthetic Rubber တို့သည် ဝယ်လိုအားတိုးတက်လာခဲ့ကြောင်း၊ ရေနံဓါတုထုတ်ကုန်များသည် တင်ပို့မှု အထူး မြင့်မားခဲ့ပြီး စံချိန်တင်နိုင်ခဲ့ကြောင်း၊ ရေနံထုတ်ကုန်သည်တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၇)ဘီလီယံတင်ပို့နိုင်ခဲ့ပြီး (၁၈.၃) ရာခိုင်နှုန်းတိုးတက်ကာ (၂၇)လအတွင်းပထမဆုံးအကြိမ်ပြန်လည် တိုးတက်စံချိန်တင်ခဲ့ကြောင်း၊ သင်္ဘော တင်ပို့မှုနှင့်ကျန်းမာရေးကုန်စည်များတင်ပို့နိုင်မှုတို့သည် ခေတ်ကာလအနေအထားအရတောင်ကိုရီးယားနိုင်ငံ၏ COVID-19 Diagnostic Kit များဝယ်လိုအားအထူးတိုးမြင့်လာမှုနှင့်ဇီဝကျန်းမာရေးထုတ်ကုန်စျေးကွက် Biosimilar ၏ကျယ်ပြန့်လာမှုတို့ကြောင့် (၁၉)လဆက်တိုက်တိုးတက်တင်ပို့နိုင်လျက်ရှိပြီး (၄၃.၆) ရာခိုင်နှုန်းခန့်တိုးတက်လာခဲ့ခြင်းလည်းဖြစ်ပါသည်။

              Organic Light-Emitting Diode (OLED) Panel ၏ ဝယ်လိုအားမြင့်တက်ခဲ့သည့်တိုင် ရုပ်မြင်တင်ပို့နိုင်မှုသည်တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံဖြင့် (၁.၁) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ Liquid Crystal Display (LCD) ထုတ်လုပ်နိုင်မှုသည်လည်းကျဆင်းခဲ့ပါသည်။

ဒေသအလိုက်တင်ပို့နိုင်မှုအနေဖြင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အမေရိကန်ပြည်ထောင်စု၊အာဆီယံနိုင်ငံများ၊အလယ်ပိုင်းနှင့်တောင်ပိုင်းအမေရိကဒေသနိုင်ငံများ၊အိန္ဒိယနိုင်ငံ၊ Commonwealth of Independent States (CIS) ဓနသဟာယနိုင်ငံများတို့သို့တိုးတက်တင်ပို့နိုင်ခဲ့ပြီး၊ဂျပန်နိုင်ငံနှင့်အရှေ့အလယ်ပိုင်းဒေသတို့သို့တင်ပို့နိုင်မှုလျော့နည်းခဲ့ပါသည်။

              ကမ္ဘာ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(Organisation for Economic Co-operation and Development- OECD)၏စာရင်းများအရ တောင်ကိုရီးယားနိုင်ငံ၏ GDP သည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ(၁.၆၂)ထရီလီယံခန့်ရှိသဖြင့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ GDP အဆင့်သတ်မှတ်ချက်တွင်တောင်ကိုးရီးယားနိုင်ငံသည်ရုရှားနိုင်ငံနှင့်ဘရာဇီးနိုင်ငံတို့ကိုကျော်လွန် လျက်အဆင့်(၉)ဖြင့် ထိပ်တန်း(၁၀) နိုင်ငံစာရင်းတွင် ပါဝင်လျက်ရှိပါသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး