Main menu

Background

လတ်တလောဈေးကွက်အခြေအနေသည် ၂၀၂၁ ခုနှစ်အတွက် စီးပွားရေးမျှော်မှန်းချက်များအပေါ် ဆိုးကျိုးသက်ရောက်လျက်ရှိပြီး အခြေခံဘဏ်အတိုးနှုန်း ၅.၂၅ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်

Wed, 04/21/2021 - 11:02 -- journal_editor

              လတ်တလောဖြစ်ပေါ်နေသော ငွေကြေးဈေးကွက်အခြေအနေသည် ဘရာဇီးလ်နိုင်ငံ၏ အဓိကစီးပွားရေးညွှန်းကိန်းများနှင့်ပတ်သက်၍ ခန့်မှန်းထားသည့် ခန့်မှန်းချက်များအပေါ် ဆိုးကျိုး များသက်ရောက်လျက်ရှိကြောင်း  ယခုအပတ်တွင်ထုတ်ဝေသည့် ငွေကြေးဈေးကွက်သတင်းလွှာ တွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄ဒသမ၈၅ ရာခိုင်နှုန်းအထိရောက်ရှိနိုင်ပြီး အခြေခံဘဏ်အတိုးနှုန်း(Selic)အား ၅ဒသမ၂၅ ရာခိုင်နှုန်းအထိတိုးမြှင့် နိုင်ကြောင်း ငွေကြေးဈေးကွက်အတွင်းရှိ စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။

              ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏စားသုံးသူဆနှုန်းကိန်း(IPCA)သည် ၄ဒသမ၈၁ ရာခိုင်နှုန်းမှ ၄ဒသမ၈၅ ရာခိုင်နှုန်းသို့မြင့်တက်နိုင်ကြောင်း စီးပွားရေးပညာရှင်များ၏ခန့်မှန်းချက်များအား ဧပြီလ ၁၂ ရက်နေ့တွင် ဗဟိုဘဏ်ကထုတ်ဝေသည့် ငွေကြေးဈေးကွက်သတင်းလွှာတွင် ဖော်ပြခဲ့သည်။ ဘရာဇီးလ်အစိုးရကထုတ်ပြန်ခဲ့သည့် ငွေကြေးဖောင်းပွမှုအပေါ်တွင် ဖိအားဖြစ်ပေါ်လျက်ရှိသည့် လောင်စာဆီဈေးနှုန်းမြင့်မားမှုသည် ကုန်ဈေးနှုန်းများအပေါ်သို့သက်ရောက်ခဲ့သဖြင့် ယခင်လ၏ စားသုံးသူဆနှုန်းကိန်း ၄ဒသမ၆ ရာခိုင်နှုန်းအား ပိုမိုမြင့်တက်စေခဲ့ရှိသည်။

              ဘရာဇီးလ်နိုင်ငံ၏နိုင်ငံခြားငွေလဲနှုန်းသည် ဘရာဇီးလ်ဟဲရာ ၅ဒသမ၃၅ မှ ၅ဒသမ၃၇ အထိ မြင့်တက်နိုင်ကြောင်း စီးပွားရေးပညာရှင်များက ကြိုတင်ခန့်မှန်းခဲ့ကြသည်။ နိုင်ငံခြားငွေလဲနှုန်း သည် ယခုအပတ်တွင် အနည်းငယ်ကျဆင်းခဲ့သော်လည်း လက်ရှိအချိန်တွင် အမေရိကန် ၁ ဒေါ်လာ လျင် ဘရာဇီးလ်ဟဲရာ ၅ဒသမ၆၃ ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိသည်။

              ငွေကြေးဖောင်းပွမှုများနှင့် အမေရိကန်ဒေါ်လာငွေတန်ဖိုး မြင့်တက်မှုများကြောင့် စီးပွားရေးပညာရှင်များအနေဖြင့် အခြေခံဘဏ်အတိုးနှုန်းအပေါ် ၎င်းတို့၏ကြိုတင်ခန့်မှန်းချက်များ အား  ပြန်လည်လေ့လာသုံးသပ်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် အခြေခံဘဏ်တိုးနှုန်းသည် ၅ဒသမ၂၅ ရာခိုင် နှုန်းအထိ တိုးမြှင့်နှိုင်ကြောင်း သတင်းလွှာတွင်ဖော်ပြခဲ့သည်။

              ငွေကြေးဖောင်းပွမှုမြင့်တက်လျက်ရှိနေသဖြင့် အခြေခံဘဏ်အတိုးနှုန်းအား တိုးမြှင့် သတ်မှတ်ပေးရန် လိုအပ်လျက်ရှိသော်လည်း ငွေကြေးမူဝါဒကော်မတီ(Copom)သည် ၂၀၂၁ ခုနှစ် အတွင်း အခြေခံဘဏ်အတိုးနှုန်းအား စံသတ်မှတ်ချက်အဖြစ် တစ်စိတ်တစ်ပိုင်းလုပ်ဆောင်နိုင်ရန် မျှော်မှန်းလျက်ရှိသည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါထိခိုက်မှုများအတွက် စီးပွားရေးလှုံ့ဆော်မှု ကဲ့သို့သော စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များပြုလုပ်ရန် လိုအပ်လျက်ရှိနေကြောင်း သတင်းလွှာ တွင်ဖော်ပြထားသည်။

              ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး(GDP) တိုးတက်မှုနှုန်းမျှော်မှန်းချက်သည် လက်ရှိဖြစ်ပေါ်နေသော အဈေးကွက်အခြေအနေများကြောင့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ယခုသတင်းပတ်တွင်ထုတ်ဝေသည့် ဈေးကွက် သတင်းလွှာတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် GDP တိုးတက်မှုနှုန်းသည် ၃ဒသမ၄၁ ရာခိုင်နှုန်းရှိခဲ့သော်လည်း ကိုဗစ်-၁၉ ဒုတိယ လှိုင်းကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက် မှုများသည် ရက်သတ္တပတ် ၆ ပတ်ဆက်တိုက်ကျဆင်းခဲ့သဖြင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးသည် ၃ဒသမ၁၇ ရာခိုင်နှုန်း မှ ၃ဒသမ၀၈ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ကြောင်း သတင်းလွှာတွင်ဖော်ပြ ခဲ့သည်။

              ဈေးကွက်အခြေအနေကြောင့် ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး ၂ဒသမ၃၃ ရာခိုင်နှုန်း ဆက်လက်ဖြစ်ပေါ်နေပါက ၂၀၂၂ ခုနှစ်တွင် အခြေခံဘဏ်တိုးနှုန်းအား ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ရ နိုင်ကြောင်း ပညာရှင်များကခန့်မှန်းလျက်ရှိသည်။ ယခင်လက ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှု နှုန်း ၃ဒသမ၅ ရာခိုင်နှုန်းကြောင့် ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၃ဒသမ၅၂ ရာခိုင်နှုန်းမှ ၃ဒသမ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်း သတင်းတွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - correiobraziliense.com.br