Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လျက်ရှိရာ ‌ဒေလီမြို့တော်၌ Lockdown ချမှတ်ခြင်း

Wed, 04/21/2021 - 11:08 -- journal_editor

           အိန္ဒိယနိုင်ငံ၌ Covid-19 ဗိုင်းရပ်စ်ကူးစက်မှုမှာ တစ်ကျော့ပြန် ပြန်လည် မြင့်တက်လျက်ရှိ နေချိန်တွင် နိုင်ငံတစ်ဝန်းလုံး၌ ဆက်သွယ်သွားလာမှုများ ကန့်သတ် တားမြစ်ခြင်း (Lockdown) ကို လုပ်ဆောင်မည် မဟုတ်ကြောင်း ဗဟိုအစိုးရက ပြောကြား သော်လည်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားသည့် ပြည်နယ်အချို့တွင် ဒေသန္တရအစိုးရများက ဆက်သွယ်သွားလာမှု ကန့်သတ်ချက် များ ချမှတ်ဆောင်ရွက်လျက်ရှိကြပါသည်။

       အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀-၄-၂၀၂၁ နေ့ နံနက် ၈ နာရီ အချိန်အထိ Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုလူနာ စုစုပေါင်း ၁၅၃၂၁၀၈၉ ဦးရှိပြီး ၎င်းအနက် ၁၃၁၀၈၅၈၂ ဦးမှာ ပြန်လည် ကောင်းမွန်ခဲ့ပြီးဖြစ်ကြောင်း၊ လူနာ ၁၈၀၅၃၀ ဦးမှာ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ပြီး လက်ရှိကာလ၌ ၂၀၃၁၉၇၇ ဦးသည် ကုသမ ခံယူလျက် ရှိကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံ၌ Covid-19 ဗိုင်းရပ်စ်ကူးစက်မှုမှာ ပထမလှိုင်း ကာလအတွင်း ၁၆-၉-၂၀၂၀ နေ့တွင် ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် အများဆုံးဦးရေ ၉၇၈၉၄ ဦးသို့ ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းခဲ့ရာ ၈-၂-၂၀၂၁ နေ့၌ အနိမ့်ဆုံး ၉၁၁၀ ဦးသို့ ရောက်ရှိခဲ့ပါသည်။ ထို့နောက် ဗိုင်းရပ်စ်ကူးစက်မှုမှာ တစ်ဖန်ပြန်လည်မြင့်တက်လာခဲ့ရာ အစိုးရ၏ ၁၉-၄-၂၀၂၁ နေ့ နံနက် ၈ နာရီအချိန် ထုတ်ပြန်သည့်စာရင်းအရ ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၂၇၃၈၁၀ ဦး အထိ ရောက်ရှိခဲ့သည်။

     မဟာရဋ္ဌ၊ ဥတာပရာဒေ့ရှ်၊ ကာနာတကာ၊ ကီရာလာနှင့် တမီနာဒူ စသည့် ပြည်နယ်များ နှင့် ဒေလီပြည်ထောင်စုနယ်မြေတို့တွင် နေ့စဉ် Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေမှာ မြင့်တက်လျက်ရှိသည်။ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀-၄-၂၀၂၁ နေ့ နံနက် ၈ နာရီ အချိန် ထုတ်ပြန် သည့် စာရင်းအရ ၂၄ နာရီအတွင်း အတည်ပြုလူနာသစ်ဦးရေသည် မဟာ ရဋ္ဌပြည်နယ်၌ ၅၈၉၂၄ ဦး ရှိပြီး ဒေလီပြည်ထောင်စုနယ်မြေ၌ ၂၃၆၈၆ ဦးရှိ ကြောင်း တွေ့ရှိရသည်။

         ၁၉-၄-၂၀၂၁ နေ့တွင် ၁ ရက်အတွင်း Covid-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေ ၂၅၄၆၂ ဦး ရှိလာချိန်၌ ဒေလီပြည်ထောင်စုနယ်မြေအစိုးရက ၎င်းနေ့ ညပိုင်း ၂၂း၀၀ နာရီမှ ၂၆-၄-၂၀၂၁ နေ့ နံနက်ပိုင်း ၀၅း၀၀ နာရီအထိ ၆ ရက်ကြာ အသွားအလာ ကန့်သတ်တားမြစ်ခြင်း (Lockdown) ကို ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါအမိန့်အရ ဗဟိုအစိုးရအဆင့် ဌာနဆိုင်ရာများ၊ ဒေလီပြည်ထောင်စုနယ်မြေအစိုးရ လက်အောက်ရှိ အရေးကြီးလုပ်ငန်းဌာနများ၊ နိုင်ငံခြားသံရုံးများ၊ ကျန်းမာရေး၊ အခြေခံစားသောက်ကုန်၊ စက်သုံးဆီနှင့် အခြားလိုအပ်သည့် အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းများ၊ Covid-19 ကာကွယ်ဆေးထိုးနှံမှုနှင့် ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးမှုများ၊ လေဆိပ်နှင့်ဘူတာရုံများသို့ သွားရောက်မည့် ခရီးသည်များအတွက် စည်းကမ်း သတ်မှတ်ချက်များဖြင့် သွားလာ ခွင့်ပြုထားသည်။ လူမှုရေးကိစ္စရပ်များကိုမူ ကန့်သတ်ချက်ဖြင့် ဆောင်ရွက်ခွင့်ပြုသည်။ ကျန်ရှိ သော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ အားကစားရုံများ၊ ပညာရေး နှင့် ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများကို ပိတ်ထားမည်ဖြစ်ပြီး ၎င်းဆက်သွယ်သွား လာမှုများအားလုံးကို ကန့်သတ်ဆိုင်းငံ့ထားမည်ဖြစ်သည်။ စားသောက်ဆိုင် လုပ်ငန်းများအား တည်ခင်းဝန်ဆောင်မှုမပြုပဲ ပြင်ပသို့သယ်ယူမှုနှင့် အိမ်အရောက်ပို့စနစ် ဝန်ဆောင်မှုတို့ကိုသာ ဆောင်ရွက်ခွင့်ပြုထားသည်။ အများပြည်သူသုံး အငှားမော်တော်ယာဉ် များ၌ ခရီးသည် ၂ ဦးထက် ပိုမိုတင်ဆောင်ခြင်းမပြုရန် ကန့်သတ်ထားသည်။

         ဒေလီပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့ ဝန်ကြီးချုပ် Mr. Arvind Kejriwal က လက်ရှိ အခြေအနေမှာ ဒေလီမြို့တော်၏ ကျန်းမာရေးစောင့်ရှောက်နိုင်မှု ပမာဏကန့်သတ်ချက် အထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဆေးရုံများ၌ ကုတင်နေရာပေးနိုင်မှုမှာ လျော့ကျလျက်ရှိပြီး အထူး ကြပ်မတ်ကုသမှု ကုတင်နေရာ (ICU beds) ပေါင်း ၁၀၀ ခန့်သာ ကျန်ရှိကြောင်း၊ ဆေးရုံအချို့မှ လည်း အောက်ဆီဂျင် လက်ကျန်နည်းပါးမှုကို ကြုံတွေ့နေရသည်ဟု သတင်း ပေးပို့မှုရှိကြောင်း၊   Lockdown ချမှတ်ခြင်းသည် အထူးသဖြင့် အားနည်းယိမ်းယိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်း ကဏ္ဍအချို့နှင့် နေ့စားအလုပ်သမားများအပေါ် အခက်ကြုံ စေမည် ဖြစ်သော်လည်း ကျန်းမာရေး စနစ် ပြိုလဲပါက ကြီးမားသည့်ဖြစ်ရပ်ဆိုးနှင့် ရင်ဆိုင်ရ ဖွယ်ရှိကြောင်း၊ ယခု အသွားအလာ ကန့် သတ်မှုမှာ ကာလတိုမျှသာဖြစ်၍ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် နေရပ်သို့မပြန်ပဲ ဒေလီ မြို့တော်၌ ဆက်လက်နေထိုင်ရန် မေတ္တာရပ်ခံ အပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

        သို့ရာတွင် Covid-19 ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်လျက်ရှိမှုနှင့်အတူ Lockdown ကာလအား သက်တမ်းတိုးမြှင့်မည့်အရေးကို စိုးရိမ်မှုရှိသော ရွှေ့ပြောင်းအလုပ်သမားအချို့သည် ဒေလီပြည်ထောင်စုနယ်မြေအစိုးရက အမိန့်ထုတ်ပြန်ခဲ့အပြီး နေရပ်သို့ပြန်စပြုလျက်ရှိကြောင်း၊ ၎င်းနေ့ ညနေပိုင်း၌ ဒေလီမြို့ရှိ Anand Vihar ISBT အဝေးပြေးမော်တော်ယာဉ်ဝင်းတွင် နေရပ် ပြန်မည့် အလုပ်သမား ၅၀၀၀ ကျော် စုရုံးရောက်ရှိနေကြပြီး ရထား ဘူတာရုံ များသို့လည်း ရွှေ့ ပြောင်းလုပ်သားများရောက်ရှိမှု များပြားလျက်ရှိသည်ဟု နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောဆိုကြောင်းဖြင့် NDTV သတင်းဌာနက ၁၉-၄-၂၀၂၁ နေ့၌ ဖော်ပြပါသည်။

Source:         1. Arvind Kejriwal Says "Main Hoon Na", But Migrant Workers Head Home, 19-4-2021, NDTV

                   2. Delhi under 1-week lockdown; no option, medical infrastructure may collapse: CM Arvind Kejriwal, 20-4-2021, Times of India

                   3. COVID-19 Update Status on 20-4-2021, www.mohfw.gov.in

 

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့