Main menu

Background

ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ၇ နှစ်အတွင်း အကောင်းဆုံး အခြေအနေသို့ ရောက်ရှိ

Fri, 04/23/2021 - 09:53 -- journal_editor

                 ဧပြီလ ၂၀ ရက်နေ့တွင် ချီကာဂိုစတော့ဈေးကွက်(Chicago Commodity Exchange - CBOT)၏ ပဲပုတ်စေ့ဈေးနှုန်းများသည် အမြင့်ဈေးနှုန်းများဖြင့် ဈေးကွက်ပိတ်ခဲ့ပြီး ၇ နှစ်အတွင်း အကောင်းဆုံးအခြေအနေသို့ရောက်ရှိခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေး အကြံပေး ကုမ္ပဏီ Safras & Mercado က သတင်းဌာနသို့ ပြောကြားခဲ့သည်။

              ၂၀၂၁ ခုနှစ်၊ မေလတွင် ကုန်ပစ္စည်းတင်ပို့ပေးရမည့် ပဲပုတ်စေ့ကြိုပွိုင့်ဈေးကွက်တွင် ယခင်ကထက် အမေရိကန်ဒေါ်လာ ၂၂.၂၅ ဆင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်စည်လျင် အမေရိကန် ဒေါ်လာ ၁၄ဒသမ၇၂ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဇူလိုင်လအတွက် ပဲပုတ်စေ့ကြိုပွိုင့် ဈေးကွက်တွင် ယခင်ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၂၁ဒသမ၂၅ ဆင့် ဈေးနှုန်းပိုမိုမြင့်တက်ခဲ့ပြီး ပဲပုတ်စေ့ ၁ စည်လျင် အမေရိကန်ဒေါ်လာ ၁၄ဒသမ၅၇ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။

              ကုန်စည်အလိုက်ဈေးနှုန်းများတွင် ပဲပုတ်စေ့အခွံ(တိရိစ္ဆာန်အစာ) ဇူလိုင်လအတွက် ကြိုပွိုင့်ဈေးနှုန်းသည် ယခင်ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၃ဒသမ၄၀ ပိုမိုမြင့်တက်ခဲ့ပြီး ၁ တန်လျင် အမေရိကန်ဒေါ်လာ ၄၁၄.၇၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဇူလိုင်လအတွက်  ပဲပုတ်စေ့ဆီ ကြိုပွိုင့်ဈေးကွက်တွင် ယခင်ဈေးနှုန်းထက် ၁.၂၇ ဆင့်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ၅၅ဒသမ၁၄ ဆင့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

              ကမ္ဘာ့သီးနှံဈေးကွက်သို့ ပဲပုတ်စေ့များဝင်ရောက်မှုလျှော့ကျနိုင်ကြောင်း သုံးသပ်ချက် များနှင့် လတ်တလော သီးနှံစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များတွင်ဖြစ်ပေါ်နေသော ရာသီဥတု အခြေအနေများကြောင့် အမေရိကန်ပဲပုတ်စေ့၏ ဈေးနှုန်းများကို ပိုမိုမြင့်တက်စေလျက်ရှိကြောင်း စီးပွားရေးအကြံပေးကုမ္ပဏီက သတင်းဌာနသို့ ပြောကြားခဲ့သည်။

              ထို့အပြင် ပဲပုတ်စေ့စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများအား အမေရိကန်စိုက်ပျိုးရေးဌာန (U.S. Department of Agriculture - USDA)က သတင်းများထုတ်ပြန်ပေးလျက်ရှိရာ အမေရိကန် နိုင်ငံတွင် ဧပြီလ ၁၈ ရက်နေ့အထိ ပဲပုတ်စေ့စိုက်ပျိုးဧရိယာ၏ ၃ ရာခိုင်နှုန်းကိုသာ စိုက်ပျိုးပြီးစီး ကြောင်း စိုက်ပျိုးရေးဌာနက သတင်းထုတ်ပြန်ထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br