Main menu

Background

ဘရာဇီးလ်နိုင်ငံ၏ဝက်သားဈေးကွက် ပြန်လည်ဦးမော့လာပြီး ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ

Fri, 04/23/2021 - 10:01 -- journal_editor

              ဘရာဇီးလ်နိုင်ငံ၏ဝက်ဈေးကွက်သည် အလျင်အမြန်ပြန်လည်ဦးမော့လာခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ စီးပွားရေးသတင်းစာစောင်များတွင် ဖော်ပြခဲ့သည်။ ဝက်ဈေးကွက် သည် ဧပြီလအစောပိုင်းရက် များမှစတင်၍ အရောင်းအဝယ်များသိသိသာသာကောင်းမွန်ခဲ့ကြောင်း၊ နိုင်ငံခြားပို့ကုန်အတွက် ကောင်းမွန်သော ခြေလှမ်းဖြစ်ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ကုမ္ပဏီ Cepea/Esalq မှ သုတေသနပညာရှင်က ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ဘရာဇီးလ်နိုင်ငံမှ ဝက်သားတန်ချိန် ၉၆,၈၀၀ တင်ပို့ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ဖေဖော်ဝါရီလ၏ ဝက်သားတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ၃၅ဒသမ၄ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်ရေးဌာနခွဲ(Secretariat of Foreign Trade - Secex)၏ စာရင်းများတွင် ဖော်ပြ ထားသည်။

              ပြည်တွင်းဝက်ဈေးကွက်တွင် ဝက်ဈေးနှုန်းများမြင့်တက်လျက်ရှိရာ ဆောင်ပိုလိုဈေးကွက် တွင် ဝက်သားဈေးနှုန်းသည် ၉ဒသမ၀၉ ရာခိုင်နှုန်းမှ ၁၃ဒသမ၀၄ ရာခိုင်နှုန်းအထိ ဈေးနှုန်းများမြင့်တက်လျက် ရှိကာ ၁ ကီလိုလျင် ဘရာဇီးလ်ဟဲရာ ၈.၀၀ မှ ၈.၆၇(မြန်မာအစိုးရသတ်မှတ်ဈေး ဘရာဇီးလ် ၁ ဟဲရာလျင် မြန်မာကျပ်ငွေ ၂၅၀ ကျပ်)အထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိသည်။

              ဧပြီလ ၁၂ ရက်နေ့၏ ဝက်အရှင်ဈေးကွက်တွင် São Paulo ဈေးကွက်ပေါက်ဈေးသည် ၄.၉၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ပြီး ဝက်အရှင် ၁ ကီလိုလျင် ဘရာဇီးလ်ဟဲရာ ၆.၁၂ ဖြင့်လည်းကောင်း၊ Minas Gerais ဈေးကွက်တွင် ၃ဒသမ၆၆ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ပြီး  ဝက်အရှင် ၁ ကီလိုလျင် ဘရာဇီးလ်ဟဲရာ ၆.၂၃ ဖြင့်လည်းကောင်း၊ Paraná ဈေးကွက်တွင် ၂ဒသမ၄၆ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ပြီး ဝက်အရှင် ၁ ကီလိုလျင် ဘရာဇီးလ်ဟဲရာ ၅.၄၂ ဖြင့်လည်းကောင်း၊ Rio Grande do Sul ဈေးကွက်တွင် ၀.၇၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဝက်အရှင် ၁ ကီလိုလျင် ဟဲရာ ၅.၈၈ ဖြင့် လည်းကောင်း၊ Santa Catarina ဈေးကွက်တွင် ၁.၆၃ ရာခိုင်နှုန်း ပိုမိုမြင့်တက်ခဲ့ကာ ဝက်အရှင် ၁ ကီလိုလျင် ၅.၆၂ ဖြင့်လည်းကောင်း အရောင်းအဝယ်များ ဖြစ်ပေါ်ခဲ့သည်။

              ဘရာဇီးလ်နိုင်ငံမှဝက်သားများအား တရုတ်နိုင်ငံ၏ဝယ်ယူတင်သွင်းမှုသည် ဆက်လက် မြင့်မားလျက် ရှိနေသဖြင့် ဝက်သားဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်း လယ်ယာထွက်ကုန် ရောင်းဝယ်ရေးကုမ္ပဏီ SAFRAS & Mercado မှ သုတေသနပညာရှင် Fernando Iglesias က သတင်းဌာနသို့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဝက်သားတင်သွင်းမှုအပေါ်တွင်မှီခိုရလျက် ရှိနေကြောင်း၊ ဝက်အသား တိုးတက်ထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားထွားလာသည်နှင့်အမျှ အသားလို အပ်ချက်မှာလည်း ပိုမိုတိုးတက်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

              ဘရာဇီးလ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့အတွင်း ဝက်သားတန်ချိန် ၂၉,၁၆၆,၀၇၉ တင်ပို့ခဲ့ရာ အမေရိကန် ဒေါ်လာ ၇၃,၇၅၂,၀၅၅ ဝင်ငွေရရှိခဲ့ပြီး တစ်ရက်လျင် ဝက်သားတင်ပို့မှုမှ ပျမ်းမျှတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂,၂၉၂,၀၀၉ ဝင်ငွေရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ လလုံးတင်ပို့မှုမှ ရရှိ ခဲ့သည့်ဝင်ငွေပမာဏ၏ ၄၈ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ လအတွင်း ဝက်သားတန်ချိန် ၆၂,၉၀၀,၀၄၅ တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁၅၃,၉၆၄,၁၂၃ ရရှိခဲ့ကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက် နေ့အတွင်း တင်ပို့ခဲ့သည့် ဝက်သား ၁ တန်လျင် ပျမ်းမျှတန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၂၈.၆၉၂ ရရှိခဲ့ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၃.၃၁ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - noticiasagricolas.com.br