Main menu

Background

ASEAN Committee in Seoul (ACS) visit to LS အစီအစဉ်အခမ်းအနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့၏သံရုံးအကြီးအကဲ သံအမတ်ကြီး တက်ရောက်ခဲ့

Fri, 04/23/2021 - 13:53 -- journal_editor

                  ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ASEAN Committee in Seoul (ACS) ၏ အလှည့်ကျ ဥက္ကဌဖြစ်သော ထိုင်းသံရုံးနှင့် LS Group တို့၏ပူးပေါင်းစီစဉ်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်အစီအစဉ်တစ်ရပ်အဖြစ် “ASEAN Committee in Seoul (ACS) visit to LS” အစီအစဉ် အား (၂၂-၄-၂၀၂၁) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်မှ(၁၁:၃၀)အချိန်အထိ ဆိုးလ်မြို့၊ ယွန်ဆန်းရှိ LS ရုံးချုပ်တည်ရှိရာ LS Yongsan Tower ၌ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံအမတ်ကြီး ဉီးသန့်စင်မှ ACS အဖွဲ့ဝင် အာဆီယံ သံအမတ်ကြီးများနှင့်အတူတက်ရောက်ခဲ့ပါသည်။

           အဆိုပါအခမ်းအနားသို့  ဆိုးလ်မြို့ရှိ ACS အဖွဲ့ဝင်သံရုံးများ၏ သံအမတ်ကြီးများ၊ စီးပွားရေးသံမှူးများ၊ စီးပွားရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ LS Group ဘက်မှ ဥက္ကဌ Mr. Koo Ja-yeol (Christopher Koo) ဉီးဆောင်လျက် ကုမ္ပဏီ၏အကြီးတန်းအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ASEAN Committee in Seoul (ACS) visit to LS အစီအစဉ်အခမ်းအနားတွင် LS ဥက္ကဌနှင့် CEO တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောခဲ့ကြပြီး၊ ACS အလှည့်ကျဥက္ကဌ ဆိုးလ်မြို့၊ ထိုင်းသံရုံး၏ သံအမတ်ကြီး H.E. Rommanee Kanarurak က အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်  LS ၏ Vice President & Chief Strategy Officer ဖြစ်သူ Ms. Yumi Lee က LS စတင်တည်ထောင်ခဲ့မှုသမိုင်းနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ ကမ္ဘာ့ နိုင်ငံအသီးသီးသို့ စီးပွားရေးလုပ်ငန်းများ ဖြန့်ကျက်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၌ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

       LS Group သည် ၁၉၆၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် LG မှသီးခြားခွဲထွက်၍တည်ထောင်ခဲ့သော စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်ပြီး၊ LS Cable & System၊ LS Electronic၊ LS-Nikko copper၊ LS Mtron နှင့် yes’co လုပ်ငန်းတို့ကိုဆောင်ရွက်လျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံတွင် (၁၃)ခုမြောက်အကြီးဆုံး စက်မှုလုပ်ငန်းဆိုင်ရာ စီးပွား‌ရေးလုပ်ငန်းစု ကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။ ဝန်ထမ်းပေါင်း (၂၅၀၀၀)ခန့်၊ နိုင်ငံတကာတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသော ရုံးခွဲ (၁၃၂) ခုဖြင့် လည်ပတ်လျက်ရှိပြီး၊ ၂၀၂၀ ပြည့်နှစ်စာရင်းများအရ Assets အမေရိကန်ဒေါ်လာ(၂၈)ဘီလီယံ၊ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံရှိကြောင်း၊ Cable၊ လျှပ်စစ်ဓါတ်အား၊ လျှပ်စစ်ပစ္စည်းနှင့် အဆင့်မြင့်စွမ်းအင်သုံးမော်တော်ယာဉ်များ၊ လယ်ထွန်စက်နှင့် အဆင့်မြင့်နည်းပညာသုံးစက်ပစ္စည်းများ၊ အဆင့်မြင့်စက်မှုလုပ်ငန်းသုံး ရှားပါးသတ္တုများ၊ LPG/ LNG ဓါတ်ငွေ့လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

         အာဆီယံဒေသတွင် မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့၌ LS ၏ လျှပ်စစ်နှင့်Cableဆိုင်ရာစီမံကိန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်စာရင်းများအရ LS ၏ ပြည်ပရောင်းချမှုမှဝင်ငွေ အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံတွင် အာဆီယံနိုင်ငံများမှ (၂၀) ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

           မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ အမေရိကန်ဒေါ်လာ (၅) သန်းတန်ဖိုးရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအတွက် Power Cable (Overhead) သွယ်တန်းခြင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်ရန်ရှိ ကြောင်း၊ LS အနေဖြင့် အာဆီယံနိုင်ငံများအနက် ဗီယက်နမ်နိုင်ငံတွင်အမေရိကန်ဒေါ်လာ (၇၀)သန်း၊ မလေးရှားနိုင်ငံတွင် အမေရိကန်ဒေါ်လာ(၃၅) သန်း၊ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ (၃၀) သန်း နှင့်အင်ဒိုနီးရှားနိုင်ငံတွင်အမေရိကန်ဒေါ်လာ(၁၅)သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅၀)သန်းခန့် ကိုအသီးသီးရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် အာဆီယံဒေသတွင် အနာဂတ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းအဖြစ် အမေရိကန်ဒေါ်လာ (၁၀၀) သန်းကို ဗီယက်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင် ထပ်မံရင်းနှီးမြှုပ်နှံသွားရန် လျာထားကြောင်း၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၏  New Southern Policy နှင့် New Southern Policy Plus တို့အရ အာဆီယံဒေသကို အထူးအလေးထားသည့် အားလျော်စွာ LS အနေဖြင့်လည်း အာဆီယံဒေသတွင်စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် လျက် အပြန်အလှန်အကျိုးရှိစွာဖြင့် ရေရှည်ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ထားကြောင်း လေ့လာသိရှိရပါသည်။

           ထို့နောက် LS ၏တင်ပြချက်များအပေါ် တက်ရောက်လာသော သံအမတ်ကြီးများမှ သိရှိ လိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပြီး၊ သက်ဆိုင်ရာနိုင်ငံများအလိုက် အနာဂတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။ Cheongju ဒေသရှိ LS ၏ Smart Factory သို့လေ့လာရေးခရီးစဉ်ကို ၂၀၂၁ ခုနှစ်၊ မေလအတွင်းတွင်စီစဉ်၍ ACS အဖွဲ့ဝင် သံအမတ်ကြီးများအား  ထပ်မံဖိတ်ကြားသွာမည်ဖြစ်ကြောင်း သိရှိရပါသည်။

           အဆိုပါ ASEAN Committee in Seoul (ACS) visit to LS အစီအစဉ်အခမ်းအနားသို့ အာဆီယံ သံအမတ်ကြီးများတက်‌ရောက်ခဲ့မှုသတင်းအား (၂၂-၄-၂၀၂၁) ရက်နေ့တွင် The Korea Times သတင်းစာ၏ Website www.koretimes.co.kr တွင်လည်းကောင်း၊ (၂၃-၄-၂၀၂၁)ရက်နေ့ ထုတ် The Korea Times သတင်းစာတွင်လည်းကောင်း “LS invites ASEAN bloc's top envoys for business cooperation” ခေါင်းစဉ်ဖြင့် ဖော်ပြပါရှိပါသည်။

          LS Group ၏ ဥက္ကဌဖြစ်သူ Mr. Koo Ja-yeol (Christopher Koo) သည် Korea International Trade Association (KITA) ၏ (၃၁) ဆက်မြောက် ဥက္ကဌအဖြစ် ၂၀၂၁ ခုနှစ်၊ မတ်လ မှစ၍ (၃)နှစ်တာ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်လျက်ရှိပါသည်။

တင်ပြသူ: ဝင်းပပသူ၊ စီးပွားရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)