Main menu

Background

‌ဒေလီမြို့တော်၌ Lockdown ကာလတိုးမြှင့်ခြင်း

Tue, 04/27/2021 - 14:25 -- journal_editor

  

                အိန္ဒိယနိုင်ငံ၊ ဒေလီပြည်ထောင်စုနယ်မြေ၌ ၁၉-၄-၂၀၂၁ နေ့ ညပိုင်းမှစတင်၍  ၆ ရက်တာ ဆက်သွယ်သွားလာမှုများ ကန့်သတ်တားမြစ်ခြင်းကို ချမှတ်ခဲ့သော်လည်း Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသည့် အတည်ပြုလူနာသစ် အရေအတွက်မှာ နေ့စဉ် ၂၀၀၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာလည်း မြင့်တက်လျက်ရှိရာ ဒေလီပြည်ထောင်စု နယ်မြေ အစိုးရအဖွဲ့က Lockdown ကာလအား ၃-၅-၂၀၂၁ နေ့ နံနက် ၅ နာရီ အထိ  တိုးမြှင့်လိုက် ကြောင်း ၂၅-၄-၂၀၂၁ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ Lockdown ကာလဆိုင်ရာ စည်းကမ်း များအား ယခင်အမိန့်ထုတ်ပြန်ချက်အတိုင်း ဆက်လက်သတ်မှတ်ထားရှိပြီး ကုန်ပစ္စည်း ဖြန့်ဖြူး ပို့ဆောင်မှု၊ လျှပ်စစ်နှင့် ရေသန့်ဆိုင်ရာ ပြုပြင်မှု စသည့်ဝန်ဆောင်မှုများအတွက် e-pass စနစ်ဖြင့် သွားလာလုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးခဲ့သည်။

      ထိုသို့ Lockdown ကာလ တိုးမြှင့်မှုနှင့် စပ်လျဉ်း၍ ဒေလီပြည်ထောင်စုနယ်မြေ အစိုးရ အဖွဲ့ ဝန်ကြီးချုပ် Mr. Arvind Kejriwal က အသွားအလာ ကန့်သတ်တားမြစ်မှုကို ၆ ရက်ကြာ လုပ်ဆောင်ခဲ့သော်လည်း ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှုမှာ လျော့ကျမှုမရှိသေးပဲ မြင့်မားနေဆဲဖြစ် ကြောင်း၊ နမူနာရယူ စစ်ဆေးမှုများ၌ Covid-19 ရောဂါ အပေါင်းလက္ခဏာ တွေ့ရှိရမှုနှုန်းမှာ ၃၆-၃၇% အထိ ရောက်ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ဒေလီမြို့တော်အား Lockdown ဆက်လက် ချမှတ် ထားရှိရန် လိုအပ်သည့် အ‌ခြေအနေဖြစ်ပေါ်လျက်ရှိကြောင်း ပြောဆိုပါသည်။ ထို့အပြင် ၎င်းက ဒေလီမြို့၌ ဆေးကုသမှုလုပ်ငန်းသုံး အောက်ဆီဂျင်ဓာတ်ငွေ့ ပြတ်တောက်သည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဗဟိုအစိုးရသည် ဒေလီပြည်ထောင်စုနယ်မြေအတွက် အောက်ဆီဂျင် ပမာဏ တန်ချိန် ၄၈၀ ခွဲဝေချထားရာမှ ၂၄-၄-၂၀၂၁ နေ့၌ တန်ချိန် ၄၉၀ သို့ တိုးမြှင့်ပေးခဲ့ကြောင်း၊ သို့ရာတွင် မြေပြင်လိုအပ်ချက်မှာ တန်ချိန် ၇၀၀ ခန့်ဖြစ်ပြီး လက်တွေ့၌ တန်ချိန် ၃၃၅ တန်ထက် ပိုမိုရရှိနိုင်ခြင်းမရှိကြောင်း၊ ဤသို့ အောက်ဆီဂျင်ဓာတ်ငွေ့ ပြတ်လပ်မှုမှာ ဆေးရုံများ၌ ပြဿနာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ၎င်းတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများကို လုပ် ဆောင်လျက်ရှိကြောင်းဖြင့် ပြောကြားပါသည်။

      ဒေလီမြို့တော်သည် ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းအား ကြုံတွေ့ရသည် မှာ ရက်သတ္တ ၂ ပတ်နီးပါးမျှ ရှိလာပြီဖြစ်ပြီး ပြည်သူများအနေဖြင့် ဆေးရုံများ၌ လက်ခံကုသပေး မည့် ကုတင်နေရာရရှိရေး၊ နေအိမ်၌ ပြုစုစောင့်ရှောက်မှု ခံယူရာတွင် လိုအပ်သော ဆေးဝါးနှင့် အောက်ဆီဂျင်ဓာတ်ငွေ့အိုး ရရှိရေး၊ အစိုးရဌာနဆိုင်ရာများထံမှ အကူအညီရရှိရေးတို့အတွက် ရုန်းကန်ကြိုးပမ်းနေရကြောင်း၊ မြို့တော်အတွင်း ဆေးရုံများ၌ ဝန်ထမ်းအင်အားနှင့် ကုတင်နေရာ မလုံလောက်မှု၊ အောက်ဆီဂျင်ပြတ်လပ်မှုတို့ဖြစ်ပေါ်ပြီး လူနာများစွာသည် ဆေးရုံများ၏ ဂိတ်ဝ၌ စောင့်ဆိုင်းရင်း အသက်ရှုမွန်းကျပ်မှုကြောင့် အသက်ဆုံးရှုံးရခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း၊ ဗဟိုပိုက်လိုင်း၌ အောက်ဆီဂျင်ဖိအား ကျဆင်းမှုကြောင့် Jaipur Golden ဆေးရုံတွင် သောကြာ ညပိုင်း၌ အထူးကုသမှုခံယူနေရသည့် လူနာ အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့ရကြောင်း၊ အလားတူ Ganga Ram ဆေးရုံတွင် ကြာသပတေးနေ့ ညပိုင်းမှ သောကြာနေ့နံနက်ပိုင်းအတွင်း Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသည့် စိုးရိမ်ရသော လူနာ ၂၅ ဦးသည်လည်း အသက်ဆုံးရှုံးခဲ့ကြောင်းဖြင့် Indian Express သတင်းဌာနက ဖော်ပြပါသည်။

      ဒေလီပြည်ထောင်စုနယ်မြေ အစိုးရသည် ဆေးရုံများ၌ အောက်ဆီဂျင်ဓာတ်ငွေ့ လိုအပ် ချက် မြင့်တက်နေမှုကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပြီး ကုန်ထုတ်လုပ်သူများ၊ ပေးသွင်းသူများနှင့် ဆေးရုံများအကြား အောက်ဆီဂျင်ဓာတ်ငွေ့ ရရှိနိုင်မှုကို သတင်းအချက် အလက် ဖလှယ်၍ သိရှိစီမံခန့်ခွဲနိုင်မည့် Application တစ်ခုကို တည်ထောင်ထားရှိကြောင်း သိရှိ ရပါသည်။

Source:         No let-up, Delhi extends lockdown until May 3, 26-4-2021, Indian Express

                  

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့