Main menu

Background

ဘရာဇီးလ်နိုင်ငံ၏ ပြည်ပသို့ဝက်သားတင်ပို့မှုသည် ပုံမှန်တိုးတက်လျက်ရှိပြီး ဧပြီလစတုတ္ထပတ် တွင် ၂၁ ရာခိုင်နှုန်း တိုးတက်တင်ပို့နှိုင်ခဲ့

Wed, 04/28/2021 - 11:07 -- journal_editor

                 ၂၀၂၁ ခုနှစ်၊ ဧပြီလ တတိယရက်သတ္တပတ်ကာလအထိ ဘရာဇီးလ်နိုင်ငံ၏ဝက်သား တင်ပို့မှုမှာ စုစုပေါင်းတန်ချိန် ၇၆,၁၁၂,၀၀၀ ရှိခဲ့ပြီး အဆိုပါပမာဏသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၏ အစိုးရရုံးဖွင့်ရက်ပေါင်း ၂၀ ရက်အတွင်း တင်ပို့ခဲ့သည့်ဝက်သားတန်ချိန် ၆၂,၉၀၀,၀၀၀ နှင့် နှိုင်းယှဉ် ပါက ၂၁ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ကြောင်း ဧပြီလ ၂၆ ရက်နေ့တွင် စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းတွင် ဖော်ပြထားသည်။

       ဝက်သားတင်ပို့မှုအပြင် ဘရာဇီးလ်နိုင်ငံ၏ ဧပြီလအတွင်းအမဲသားတင်ပို့မှုသည်လည်း အခြေအနေများတိုးတက်လျက်ရှိနေပြီး ဧပြီလ၏စတုတ္ထမြောက်ရက်သတ္တပတ်အတွင်း အမဲသားတန်ချိန် ၁၀၆,၆၀၆ ကို ပြည်ပသို့သင်္ဘောတင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ဧပြီလ ၂၅ ရက်နေ့အထိ တင်ပို့ခဲ့သည့် ပမာဏဖြစ်ပြီး ဧပြီလကုန်ဆုံးပါက အသားတင်ပို့သည့်ပမာဏသည် ၂၀၂၀ ပြည့်နှစ် ကာလတူတွင်တင်ပို့ခဲ့သည့် အသားတန်ချိန် ၁၁၆,၂၉၅,၀၀၀ ကို ကျော်လွန်နိုင်ကြောင်း ဝန်ကြီးဌာန ၏ သတင်းတွင်ဖော်ပြခဲ့သည်။

          ဘရာဇီးလ်နိုင်ငံ၏ တစ်လထက်တစ်လ အခြေအနေကောင်းမွန်လျက်ရှိသော ပြည်ပပို့ကုန် တစ်မျိုးမှာ ပဲပုတ်စေ့ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ၏စတုတ္ထရက်သတ္တပတ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့မှုသည် တန်ချိန် ၁၄ဒသမ၆ သန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတစ်လလုံးတွင်တင်ပို့ခဲ့သည့် ပဲပုတ်စေ့တန်ချိန် ၁၄ဒသမ၈ သန်းသို့ ရောက်ရှိရန် နီးကပ်လျက်ရှိနေသည်။ ထို့အပြင် ဧပြီလတွင် ဆီထွက်သီးနှံတင်ပို့မှုတွင်လည်း စံချိန် တင်မြင့်တက်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး