Main menu

Background

အီးယူ၏ Climate Law အပေါ် ဥရောပပါလီမန်အမတ်များ သဘောတူညီမှု ရရှိခဲ့ခြင်း

Wed, 04/28/2021 - 11:19 -- journal_editor

                ၂၀၅၀ ပြည့်နှစ်တွင် ဥရောပဒေသအား climate-neutral ဒေသဖြစ်လာစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုကို အနည်းဆုံး (၅၅) ရာခိုင် နှုန်းလျှော့ချရေး အီးယူ၏ European Green Deal မှ ရည်မှန်းချက်များ ချမှတ်ထားပါသည်။ ၎င်းရည်မှန်းချက်များကို  တရားဝင်လိုက်နာရမည့် တာဝန်ဝတ္တရားများအဖြစ် ပြဌာန်းနိုင်စေ မည့် ဥရောပရာသီဥတုဆိုင်ရာ ဥပဒေ (European Climate Law) အပေါ် အီးယူအဖွဲ့ဝင် (၂၇) နိုင်ငံ၏ ဥရောပပါလီမန်အမတ်များအကြား သဘောတူညီခဲ့ကြကြောင်းသိရသည်။ 

              ထိုသို့ သဘောတူညီမှုရရှိခဲ့ခြင်းသည် အီးယူအတွက် အထင်ကရအခိုက်အတန့် တစ်ခု ဖြစ်ပြီး၊ climate-neutral ဆိုင်ရာကတိကဝတ်များသည် လာမည့် နှစ်(၃၀) အတွက် အီးယူ၏ မူဝါဒများကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ဥရောပကော်ရှင်၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Frans Timmermans က ၎င်း၏ တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှုကို (၁၉၉၀) ခုနှစ်အဆင့်ထက် (၅၅) ရာခိုင်နှုန်း လျှော့ချရေး ဥရောပကော်မရှင်၏ ရည်မှန်းချက်ကို European Climate Law တွင် ထည့်သွင်းသွားမည်ဖြစ်သည်။

                ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen က အဆိုပါ သဘောတူညီချက်ကို ကြိုဆိုကြောင်းနှင့် ၂၀၅၀ ပြည့်နှစ်တွင် ဥရောပတိုက်အား climate-neutral ဖြစ်လာစေရေး နိုင်ငံရေးကတိကဝတ်များသည် ယခုအခါ ဥပဒေတစ်ရပ်ဖြစ်လာမည်ဟု ၎င်း၏တွစ်တာ စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။ ရာသီဥတုဆိုင်ရာဥပဒေ (climate law) သည် အီးယူအား မျိုးဆက်သစ်များအတွက် အစိမ်းရောင်လမ်းကြောင်းတစ်ခုပေါ်သို့ ချထား ပေးခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ အီးယူ၏ Climate Law မှ ချမှတ် ထားသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လျှော့ချရေးရည်မှန်းချက် (၅၅) ရာခိုင်နှုန်း မှာ အချို့သော ဥရောပပါလီမန်အမတ်များက တောင်းဆိုသည့် (၆၀) ရာခိုင်နှုန်းထက် လျော့နည်းသော်လည်း ယခင်ရည်မှန်းချက်ဖြစ်သည့် (၄၀) ရာခိုင်နှုန်းထက်ပိုများကြောင်း သိရသည်။

                 အဆိုပါ ဥပဒေသစ်သည် အီးယူအား ၂၀၅၀ ပြည့်နှစ်တွင် climate-neutral ဒေသ ဖြစ်လာစေရေးကတိကဝတ်များကို စည်းနှောင်မှုရှိသည့် တာဝန်ဝတ္တရားများအဖြစ် အသွင် ကူးပြောင်းခြင်းဖြစ်ကြောင်း၊ အီးယူ၏ ရာသီဥတုဆိုင်ရာကူးပြောင်းမှုအစီအမံအတွက် ဥရောပနိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများက လိုအပ်နေသည့် ဥပဒေကြောင်းအရ သေချာစေမှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှုတို့ကို ပေးစွမ်းခြင်းဖြစ်ကြောင်း ဥရောပပါလီမန်၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားပါသည်။ အီးယူ၏ ယခုသဘောတူညီချက်အား အတည်ပြုချက် ရရှိရန် ဥရောပပါလီမန်အောက်ရှိ သဘာဝပတ်ဝန်းကျင်၊ ပြည်သူ့ကျန်းမာရေးနှင့် အစား အသောက် ဘေးကင်းလုံခြုံရေးကော်မတီနှင့် အီးယူကောင်စီတို့သို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်၊ https://www.europarl.europa.eu/)

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)